အမေရိကန်လေတပ် (US Air Force) ဟာ အနာဂတ်စစ်ပွဲတွေမှာ လူမဲ့တိုက်ခိုက်နိုင်စွမ်းရှိတဲ့ တိုက်လေယာဉ်တွေ ပိုင်ဆိုင်နိုင်ဖို့ ခြေလှမ်းသွက်နေပါပြီ။ ကမ္ဘာကျော် Lockheed Martin ကုမ္ပဏီက ပြုပြင်မွမ်းမံထားတဲ့ F-16 တိုက်လေယာဉ်တစ်စီးကို အသုံးပြုပြီး AI (ဉာဏ်ရည်တု) ကို လေယာဉ်မောင်းတာသာမက စစ်တိုက်တတ်အောင်ပါ သင်ပေးနေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ အဓိကဇာတ်လိုက်ကတော့ California ၊ Edwards Air Force Base မှာရှိတဲ့ X-62A VISTA လို့ခေါ်တဲ့ အထူးပြုပြင်ထားတဲ့ F-16D လေယာဉ်ပဲ ဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင်တော့ ရိုးရိုး နှစ်ယောက်စီး F-16 လိုပဲဆိုပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ သာမန်မဟုတ်ပါဘူး။ ခေတ်မီဆော့ဖ်ဝဲတွေသုံးပြီး တခြားလေယာဉ်အမျိုးအစားတွေရဲ့ ပျံသန်းပုံအတိုင်း ထပ်တူကူးချပြီး အတုယူပျံသန်းနိုင်စွမ်း ရှိပါတယ်။

အရင်တုန်းက လူသားပိုင်းလော့တွေပဲ လုပ်နိုင်တဲ့ လေယာဉ်ထိန်းချုပ်တာ၊ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချတာတွေကို အခုအခါမှာ AI စနစ်က လက်ငင်း (Real-time) ဆုံးဖြတ်လုပ်ဆောင်နေပါပြီ။ လောလောဆယ် စမ်းသပ်ကာလမှာတော့ ဘေးကင်းရေးအတွက် ပိုင်းလော့တစ်ဦး လိုက်ပါနေဆဲ ဖြစ်ပါတယ်။
Lockheed ရဲ့ နောက်ဆုံးခြေလှမ်းကတော့ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ VISTA လေယာဉ်မှာ Raytheon ရဲ့ PhantomStrike လို့ခေါ်တဲ့ ပေါ့ပါးပြီး စွမ်းရည်မြင့်တဲ့ AESA ရေဒါစနစ်ကို တပ်ဆင်ပေးလိုက်တာပါ။ ဒီရေဒါမျက်လုံးတွေကြောင့် AI ဟာ လေယာဉ်မောင်းတာအပြင် ဝေဟင်နဲ့ မြေပြင်က ရန်သူ့ပစ်မှတ်တွေကို ရှာဖွေတာ၊ ခြေရာခံတာနဲ့ တိုက်ခိုက်တာတွေကိုပါ တပါတည်း သင်ယူလာနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ X-62A ဟာ လူပါမှ ပျံသန်းနိုင်သေးပေမယ့် ဒီစမ်းသပ်မှုတွေကနေတဆင့် လူရဲ့ထိန်းချုပ်မှု မလိုသလောက်နည်းပါးတဲ့၊ ကိုယ်တိုင်သင်ယူ၊ ကိုယ်တိုင်ဆုံးဖြတ်ပြီး တိုက်ပွဲဝင်နိုင်မယ့် “AI တိုက်လေယာဉ်” ခေတ်ကို ဦးတည်သွားနေတာပဲ ဖြစ်ပါတယ်။
ref : Technology Innovation