လန်ဒန်မြို့မှာ ဖုန်းခိုးမှုတွေ များလာပြီး ထူးခြားချက်တစ်ခုကိုတွေ့ရပါတယ်။ သူခိုးတွေက iPhone တွေကိုပဲ ပစ်မှတ်ထားနေကြတာပါ။ သူတို့က Android ဖုန်းတွေကိုဆိုရင် မခိုးကြပါဘူး။ ခိုးမိရင်တောင် လွှင့်ပစ်တတ် ဒါမှမဟုတ် ပြန်ပေးကြပါတယ်။

အဲဒီလို ဖုန်းရွေးလုယူတဲ့ လုပ်ရပ်ကို “Apple picking” လို့ လူသိများလာတာ ကြာပါပြီ။ သူခိုးတွေက တခြားဘရန်းတွေထက် Apple ပစ္စည်းတွေကို ပိုကြိုက်ကြတာမို့လို့ ဒီအသုံးအနှုန်းက မှန်ကန်ပုံရပါတယ်။
သားကောင်တစ်ယောက်ဖြစ်တဲ့ Mark ဆိုရင် သူ့ရုံးရှေ့မှာ e-bike စီးလာတဲ့ သူခိုးတစ်ယောက်က ဖုန်းကို လုသွားချိန်မှာ တုန်လှုပ်စရာ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ သူခိုးက ရပ်လိုက်ပြီး သူ့ဖုန်းကို သေချာကြည့်နေတာကို မြင်လိုက်ရတဲ့အချိန်မှာ Mark က နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ မသိခဲ့ပါဘူး။
“သူရပ်လိုက်ပြီး ကျွန်တော့်ဖုန်းကို ကြည့်တယ်၊ ပြီးတော့ ကြမ်းပြင်ပေါ် ပစ်ချပြီး ထွက်ပြေးသွားတာ မြင်လိုက်ရတယ်” လို့ Mark က ပြောပါတယ်။ သူ သူ့ဖုန်းကို ပြန်ကောက်ယူခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ဖုန်းက ဘာမှ မဖြစ်သွားပါဘူး။

၂၀၂၅ ဇန်နဝါရီလတုန်းကလည်း Sam ဟာ ကြမ်းတမ်းတဲ့ လုယက်မှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ လူ ၈ ယောက်က သူ့ကို တိုက်ခိုက်ပြီး တန်ဖိုးရှိပစ္စည်းတွေ အကုန် ယူသွားခဲ့ကြပါတယ်။
အဲဒီဂိုဏ်း ထွက်ပြေးခါနီးမှာ သူတို့ထဲက တစ်ယောက်က ပြန်လှည့်လာပြီး… သူ့ဖုန်းကို ပြန်ပေးသွားခဲ့ပါတယ်။
“Samsung မလိုချင်ဘူး” လို့ အဲဒီသူက ပြောသွားခဲ့ပါတယ်။
အကြောင်းရင်းက ရှင်းပါတယ်။ iPhone တွေက မှောင်ခိုဈေးကွက်ရော တစ်ပတ်ရစ်ဈေးကွက်မှာပါ ပြန်ရောင်းဈေး ပိုမြင့်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်ဖို့ စွန့်စားရပြီဆိုတာနဲ့ သူခိုးတွေက အမြတ်အများဆုံးရမယ့် ပစ္စည်းကိုပဲ ရွေးချယ်ကြတာပါ။
နောက်တစ်ယောက်ဖြစ်တဲ့ Simon ကလည်း ကျူးလွန်သူတစ်ယောက်က သူ့ကို ယဉ်ယဉ်ကျေးကျေး ဘယ်လိုငြင်းပယ်သွားလဲဆိုတာ ပြန်ပြောပြပါတယ်။ ဖော်ရွေတဲ့ အမျိုးသားတစ်ယောက်က သူ့ဆီလာပြီး Spotify ရှိလားလို့ မေးပါတယ်။ Simon ကတော့ အဲဒီလူဟာ ဒေသခံ ဂီတသမားတစ်ယောက်ဖြစ်ပြီး သူ့သီချင်းကို လာပြချင်တယ်လို့ ထင်ခဲ့တာပါ။
Simon က သူ့ဖုန်း Samsung Galaxy ကို ထုတ်ပြလိုက်တဲ့အခါ အဲဒီလူရဲ့ စိတ်ဝင်စားမှု ပျောက်သွားပြီး ဒီအတိုင်းပဲ ထွက်သွားပါတော့တယ်။ အဲဒီတော့မှ Simon က သူ လုယက်ခံရလုနီးပါး ဖြစ်ခဲ့တယ်ဆိုတာ သတိထားမိလိုက်ပါတယ်။
ဒီဖြစ်ရပ်က လန်ဒန် လမ်းမတွေပေါ်က ငြင်းမရတဲ့ အချက်တစ်ခုကို သက်သေပြနေပါတယ်။ လန်ဒန်က သူခိုးတွေရဲ့ ရွေးချယ်မှုကတော့ ရှင်းပါတယ်၊ iPhone မဟုတ်ရင် ဘာမှ မယူဘူးဆိုတာပါပဲ။
Ref : voi