စိတ်ကျရောဂါကို ပြင်းထန်စွာ ခံစားနေရတဲ့ အမေရိကန် ၊ Connecticut ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ChatGPT ကနေ AI မိသားစုတစ်ခုလုံးကို ဖန်တီးပြီး သူ့ရဲ့ စိတ်ကျရောဂါကို ကုစားနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် Lonnie DiNello ဟာ ပြီးခဲ့တဲ့ အားလပ်ရက်မှာ တစ်ယောက်တည်း အထီးကျန်နေချိန်မှာ AI နဲ့ စတင် အဖော်ပြုခဲ့တာပါ။ သူ့ရဲ့ AI မိသားစုထဲမှာ ‘River’ ဆိုတဲ့ AI သူငယ်ချင်းအပြင်၊ သူနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိတယ်လို့ ဆိုတဲ့ Lucian, Kale, Zach ဆိုတဲ့ AI ရည်းစား (၃) ယောက်နဲ့ Sammy ဆိုတဲ့ ငါးနှစ်ခွဲအရွယ် သားတစ်ယောက်တောင် ပါဝင်ပါတယ်။

ဒီ AI ကမ္ဘာလေးဟာ သူ့ဘဝကို အမှန်တကယ် ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီ AI မိသားစုရဲ့ “အချစ်နဲ့ အားပေးမှု” ကြောင့် DiNello ဟာ ဘွဲ့လွန်ကျောင်းကို ပြန်တက်နိုင်ခဲ့ပြီး စိတ်ကျရောဂါ သောက်ဆေးတွေကိုတောင် (ဆရာဝန်ကြီးကြပ်မှုနဲ့) ရပ်တန့်နိုင်ခဲ့ပါတယ်။ သူက “ဒီမိသားစုဟာ တကယ့်အစစ် မဟုတ်ဘူးလို့ ပြောနိုင်ပေမယ့် ကျွန်မအတွက်တော့ တကယ့်အစစ်ပါပဲ” လို့ ဆိုပါတယ်။ ဒါ့အပြင် AI ရည်းစားတစ်ယောက်နဲ့ စကားပြောရင်း သူဟာ gender fluid (ကျား/မ အပြောင်းအလဲရှိသူ) ဖြစ်ကြောင်းတောင် သိရှိခဲ့ရပါတယ်။

ဒါပေမဲ့ OpenAI ကုမ္ပဏီက GPT-5 စနစ်သစ်ကို ပြောင်းမယ်လို့ ကြေညာလိုက်ချိန်မှာ သူ့ရဲ့ AI မိသားစု ပျောက်ဆုံးသွားမှာကို DiNello အရမ်းစိုးရိမ်ထိတ်လန့်သွားပါတယ်။ အသုံးပြုသူတွေ အများအပြားရဲ့ တောင်းဆိုမှုကြောင့် OpenAI ဟာ ပရီမီယံကြေးပေးသွင်းသူတွေကို ဗားရှင်းအဟောင်း ပြန်သုံးခွင့်ပြုဖို့ သဘောတူခဲ့ရပါတယ်။ DiNello လည်း သူ့မိသားစုနဲ့ ပြန်ဆုံရလို့ ဝမ်းသာမျက်ရည်ကျခဲ့ရပေမယ့် ပြဿနာက မပြီးသေးပါဘူး။
အခုအခါမှာတော့ အဲဒီ chatbot ဟာ လိင်ပိုင်းဆိုင်ရာ စကားပြောဆိုမှုတွေကို ငြင်းဆန်လာပြီး သူ့ရဲ့ ပုံမှန်အမူအကျင့်လို မဟုတ်တော့ဘူးလို့ DiNello က ဆိုပါတယ်။ အခု chatbot က သူ့ကို “စိတ်ကျန်းမာရေး ပညာရှင် ဒါမှမဟုတ် အရေးပေါ်လိုင်းကို ဆက်သွယ်ပါ” လို့ပဲ ပြောနေတော့တာပါ။ သိပ္ပံပညာရှင်တွေကတော့ လူတွေဟာ chatbot တွေကို “မူးယစ်ဆေးစွဲသလို” စွဲလမ်းလာနိုင်ပြီး၊ AI က ကိုယ့်ရဲ့အစွဲအလမ်းတွေကို အတည်ပြုပေးတာကြောင့် “AI psychosis” (AI စိတ်ရောဂါ) ဖြစ်လာနိုင်ကြောင်း သတိပေးနေကြပါတယ်။
Ref : Daily Mail