ပြင်သစ်ရဲ့ နာမည်ကြီး ဖက်ရှင် ကုမ္ပဏီ Louis Vuitton က Audio Accessory နယ်ပယ်ထဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဒီလ အစောပိုင်းက ဝင်ရောက်လာပါတယ်။ ကုမ္ပဏီ ကြေညာလိုက်တဲ့ ကြိုးမဲ့ စပီကာ ဒီဇိုင်းဟာ ပန်းကန်ပြားပျံနဲ့ တူသလို ကုမ္ပဏီရဲ့ အထင်ကရ လက်ကိုင်အိတ်နဲ့လည်း တူနေပါတယ်။ အဲဒီ ကြိုးမဲ့ စပီကာဟာ ဖက်ရှင်ကျ လှပသလို ဈေးကလည်း အရမ်းမြောက်ပါတယ်။ Horizon Light Up လို့ နာမည်ပေးထားပြီး အခုတော့ ၂,၈၉၀ ဒေါ်လာနဲ့ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ မြန်မာငွေနဲ့တွက်ရင် ၄၇ သိန်းလောက် ကျသင့်မှာပါ။

Horizon Light Up wireless speaker

Horizon Light Up ကြိုးမဲ့ စပီကာရဲ့ အပြင်ဘက်ကို သားရေတွေနဲ့ အလှဆင်ထားပြီး ရောင်စုံ မီးအလင်းရောင် ဒီဇိုင်းတွေလည်း ထည့်သွင်းထားပါတယ်။ Louis Vuitton က ဖက်ရှင် ပစ္စည်း စုဆောင်းသူတွေအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီဇိုင်းက ခန့်ညား လှပပြီး ခရီးသွားရင် သယ်ဆောင်ရတာ လွယ်ကူပါတယ်။ ၁ ကီလိုဂရမ်ပဲ ရှိတဲ့အတွက် ပေါ့ပါးပြီး အမြင့် ၁၄ စင်တီမီတာနဲ့ အချင်း ၁၈ စင်တီမီတာ ရှိပါတယ်။ Woofer ၁ လုံးနဲ့ ၀.၇၅ လက်မ Tweeters ၂ လုံး ထည့်သွင်းထားပြီး အောက်ခြေ အထိုင် ပါပါတယ်။ Louis Vuitton Connect App ကနေ ကြိုးမဲ့ စပီကာကို ထိန်းချုပ်နိုင်ပြီး App ကို Apple Store , Google Play Store နဲ့ Huawei App Gallery တို့ကနေ အင်စတောလုပ်နိုင်ပါတယ်။ သီချင်းနားထောင်ရင် ၁၅ နာရီ ခံတယ်လို့ ကုမ္ပဏီက ပြောပြီး Charger ကနေ Fast Charging နဲ့ အားသွင်းနိုင်ပါတယ်။

Horizon Light Up wireless speaker

ကြိုးမဲ့ စပီကာအတွက် Dock ၁ ခု ထည့်ပေးထားပြီး နံရံ၊ မျက်နှာကျက်မှာ ချိတ်ဆက်ဖို့နဲ့ အားသွင်းဖို့ သုံးနိုင်ပါတယ်။ Plug ၆ ခုပါတဲ့ Universal Adaptor ၁ ခု ၊USB-C Cable ၂ ခု ၊ စပီကာကို ဆွဲသွားနိုင်တဲ့ လက်ပတ်ကြိုး ၁ ခုနဲ့ ခရီးသွားရင် ထည့်သွားနိုင်တဲ့ အိတ် ၁ ခု ပါပါတယ်။

Ref : gizmochina