Apple ရဲ့ Supplier တစ်ဦးဖြစ်တဲ့ Luxshare ဟာ AirPods, iPhones, iPads နဲ့ Mac တွေရဲ့ အချို့အစိတ်အပိုင်းတွေကို ဖန်တီးပေးသွင်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Luxshare ရဲ့ ဒေသတွင်း Supplier တစ်ဦးကနေ စီးပွားဖြစ်လျှို့ဝှက်ချက်တွေခိုးယူပြီး Apple ဆီက အမှာစာကို ရယူခဲ့တယ်လို့ ထိုင်ဝမ်အစိုးရ ရှေ့နေတွေက တရားစွဲဆိုထားပါတယ်။

ထိုင်ဝမ်ကတော့ “တရုတ်ကုမ္ပဏီတွေဟာ အတတ်ပညာတွေကို တရားမဝင်ရယူခဲ့တာဟာ ကျွန်းရဲ့ နည်းပညာစွမ်းဆောင်မှုတွေအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေတယ်” လို့ Reuters က ဖော်ပြခဲ့ပါတယ်။ တစ်နှစ်ခွဲအကြာ စုံစမ်းစစ်ဆေးမှုအပြီးမှာ တရုတ်ရဲ့ Luxshare ဟာ Apple Production Chain ထဲကို လျှင်မြန်စွာဝင်ရောက်ပြီး အမှာစာတွေ ရယူနိုင်ဖို့ ပြိုင်ဘက် ထိုင်ဝမ် Catcher Technology ကို ပစ်မှတ်ထားခဲ့ကြောင်း ထိုင်ဝမ်အစိုးရရှေ့နေတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Luxshare ဟာ Catcher ရဲ့ တရုတ်အခြေစိုက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို မြင့်မားတဲ့လုပ်ခလစာပေးမယ်ဆိုတဲ့ ကတိပေးပြီး ထိုင်ဝမ်ကုမ္ပဏီဆီက စီးပွားရေးလျှို့ဝှက်ချက်တွေကို ခိုးယူခဲ့ပါတယ်။ ဒါဟာ ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်စေတယ်လို့ ထိုင်ဝမ်အစိုးရရှေ့နေတွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Luxshare ဟာ iPhone တွေ၊ iPad တွေနဲ့ အခြားထုတ်ကုန်တွေအတွက် စက်ရုံတွေအမြန်တည်ဆောက်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်စေဖို့အတွက် ဒါကိုလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Luxshare နဲ့ Apple တို့က မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ Catcher ဘက်ကတော့ “ကုန်သွယ်မှုလျှို့ဝှက်ချက်တွေနဲ့ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ဆက်လက်လုပ်ဆောင်နေပြီး အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ချိုးဖောက်တဲ့ ဘယ်အရာကိုမဆို စုံစမ်းစစ်ဆေးသွားမယ်” လို့ ဆိုထားပါတယ်။

တိုင်ပေအစိုးရရှေ့နေတွေက လူ ၁၄ ဦးကို “ယုံကြည်မှု ဖောက်ဖျက်ပြီး နိုင်ငံရပ်ခြားမှာ အသုံးပြုဖို့ လျှို့ဝှက်ချက်ရယူမှု” နဲ့ တရားစွဲဆိုထားပါတယ်။ “နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ အမျိုးသားစက်မှုလုပ်ငန်းယှဉ်ပြိုင်နိုင်မှုကို သေချာစေဖို့ ဌာနအနေနဲ့ ဒီအမှုတွေကို စုံစမ်းစစ်ဆေးဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ထိုင်ဝမ်အစိုးရရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။

Ref: 9To5Mac