ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် Apple က ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်လပ်တော့ပ်သစ် “MacBook Neo” ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်သစ်ဟာ Pro နဲ့ Air တို့ရဲ့အောက်ကနေ ဈေးကွက်ဝင်လာမှာဖြစ်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့အတိုင်း iPhone တွေမှာသုံးတဲ့ ချစ်ပ်စနစ်၊ ဆွဲဆောင်မှုရှိတဲ့ အရောင်အသွေးတွေ ပါဝင်လာကာ ကနဦးဈေးနှုန်း ၅၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းသက်သာပေမယ့် ပါဝင်တဲ့ အချက်အလက်တွေကတော့ တော်တော်လေးကို မိုက်ပါတယ်။ တောက်ပမှု 500 nits အထိရှိတဲ့ ၁၃ လက်မ Liquid Retina IPS LCD မျက်နှာပြင် (2,408 x 1,506px) ကို သုံးထားပြီး 1080p ကင်မရာ ပါဝင်ပါတယ်။ ကျောဘက်မီးလင်းတဲ့စနစ် (backlighting) မပါတဲ့ Magic Keyboard ကို သုံးထားပေမယ့် 512GB မော်ဒယ်မှာတော့ Touch ID ပါဝင်လာမှာပါ။ ကိုယ်ထည်ကို ၉၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုထားတဲ့ အလူမီနီယမ်နဲ့ ဖန်တီးထားလို့ အလေးချိန်က ၁ ဒသမ ၂၃ ကီလိုဂရမ်သာ ရှိပါတယ်။

အဓိက စွမ်းဆောင်ရည်ပိုင်းအတွက် ၂၀၂၄ ခုနှစ်က iPhone 16 Pro တွေမှာ ပထမဆုံး အသုံးပြုခဲ့တဲ့ A18 Pro ချစ်ပ်ကို တပ်ဆင်ထားတာက အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒီချစ်ပ်ကို 8GB RAM နဲ့ 256GB ဒါမှမဟုတ် 512GB Storage တို့နဲ့ တွဲဖက်ပေးထားပါတယ်။ Apple ရဲ့ ပြောကြားချက်အရ အဲဒီလပ်တော့ပ်ဟာ Intel Core Ultra 5 သုံး Windows လပ်တော့ပ်တွေနဲ့ ယှဉ်ရင် ဝက်ဘ်ဆိုက်ကြည့်ရှုရာမှာ ၅၀ ရာခိုင်နှုန်း ပိုမြန်ပြီး AI လုပ်ဆောင်ချက်တွေမှာ ၃ ဆ ပိုမြန်တယ်လို့ သိရပါတယ်။ ဘက်ထရီအနေနဲ့ 36.5Wh ပါဝင်ပြီး ဗီဒီယိုကြည့်ရင် ၁၆ နာရီအထိ အသုံးခံမှာပါ။
ဆော့ဖ်ဝဲလ်ပိုင်းမှာ Apple Intelligence ပါဝင်တဲ့ macOS 26 Tahoe ကို အသုံးပြုထားပါတယ်။ အရောင်အနေနဲ့ ငွေရောင်၊ ပန်းရောင်၊ အဝါရောင်နဲ့ အပြာရောင် စတဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်လေးတွေ ရွေးချယ်နိုင်ပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ မတ်လ ၁၁ ရက်နေ့ကစလို့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။
Ref : gsmarena