အခုခေတ်မှာ စမတ်ဖုန်းတွေက လူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပေမယ့် အဲဒီဖုန်းတွေမှာ အင်တာနက် သုံးတာကို ခေတ္တရပ်ဆိုင်းထားလိုက်ရင် စိတ်ကျန်းမာရေးနဲ့ အာရုံစူးစိုက်မှုပိုင်းမှာ ထူးထူးခြားခြား တိုးတက်လာနိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ဆိုပါတယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံက တက္ကသိုလ်အသီးသီးက သုတေသီတွေ စုပေါင်းပြီး ဖုန်းသုံးစွဲသူ ၄၆၇ ဦးကို တစ်လကြာ လေ့လာမှုပြုလုပ်ခဲ့ရာမှာ အဲဒီလို အားတက်စရာ ရလဒ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ သုတေသနမှာ ပါဝင်တဲ့သူတွေကို ဖုန်းလုံးဝမသုံးဘဲ နေခိုင်းတာမျိုး မဟုတ်ဘဲ ဖုန်းခေါ်တာနဲ့ စာပို့တာကိုပဲ ခွင့်ပြုပြီး အင်တာနက်သုံးတာကို ပိတ်ထားတဲ့ App တစ်ခုကို ထည့်ခိုင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆိုရှယ်မီဒီယာ သုံးတာတွေနဲ့ အမြဲတမ်းတက်နေမယ့် အကြောင်းကြားစာ (Notification) တွေရဲ့ အနှောင့်အယှက်ကနေ လွတ်ကင်းသွားပါတယ်။ အဲဒီလိုနဲ့ ၂ ပတ်လောက် ကြာသွားတဲ့အခါမှာတော့ ပါဝင်သူတွေဟာ ပိုပြီး ပျော်ရွှင်လာကြသလို သူတို့ရဲ့ ဘဝအပေါ် ကျေနပ်မှုတွေလည်း ပိုရလာကြတယ်လို့ သိရပါတယ်။

အဲဒီလို အင်တာနက် မသုံးဘဲ နေထိုင်တာက ရရှိလာတဲ့ ကောင်းကျိုးတွေဟာ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေ ခံယူတာနဲ့ တူညီတဲ့အပြင် အသက်ကြီးလို့ ဖြစ်တတ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အာရုံစူးစိုက်မှု စစ်ဆေးချက်တွေမှာ အရင်ကထက် အများကြီး ပိုကောင်းလာတာကြောင့် ဦးနှောက် အိုမင်းရင့်ရော်မှုကို ၁၀ နှစ်စာလောက်အထိ လျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
သာမန် လူတစ်ယောက်ဟာ တစ်နေ့ကို ဖုန်းနဲ့ အင်တာနက်သုံးရင်း ၅ နာရီနီးပါး အချိန်ဖြုန်းနေကြတာ ဖြစ်ပါတယ်။ အခု သုတေသနအရတော့ အဲဒီလို အမြဲတမ်း အွန်လိုင်းပေါ်မှာ ရှိနေတာကို ခေတ္တဖြတ်တောက်လိုက်တာက ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို ပြန်လည် နုပျိုလန်းဆန်းလာစေဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်ခင်ဗျာ။
Ref : HindustanTimes