စမတ်ဖုန်း ၊ တက်ဘလက်နဲ့ လက်ပ်တော့တွေမှာ ဆော့ဖ်ဝဲ ပြဿနာတွေ ရှိနေတတ်ပြီး ကုမ္ပဏီတွေက ဆော့ဖ်ဝဲ Update နဲ့ ဖြေရှင်းပေးကြရပါတယ်။ ဒီနှစ် အစမှာပဲ MacBook Pro တွေမှာ အားသွင်းလို့ မရတဲ့ ပြဿနာ တက်နေတယ်လို့ သတင်းထွက်လာခဲ့ပေမယ့် အလုံး အနည်းငယ်မှာပဲ ဖြစ်နေတာလို့ ထင်ခဲ့ကြပါတယ်။ အခုတော့ ၂ ပတ်အကြာမှာ အဲဒီ ပြဿနာနဲ့ ပတ်သက်တဲ့ သတင်းတွေ ပိုတက်လာပါတယ်။

Macbook pro

သုံးစွဲသူတွေက MacBook Pro ကို အားသွင်းကြိုးတပ်လိုက်တဲ့အခါမှာ ဘက်ထရီ ပမာဏက ၁ ရာခိုင်နှုန်းပဲ ပြပြီး အားသွင်းဖို့ အသိပေးစာ တက်လာတယ်လို့ ပြောနေကြပါတယ်။ ဒီပြဿနာဟာ ၂၀၁၇ ထုတ် MacBook Pro ထုတ်ကုန်တွေမှာ ပိုဖြစ်နေတယ်လို့ ထင်ရပါတယ်။

အဲဒီ လက်ပ်တော့တွေဟာ အာမခံ သက်တမ်း ကျော်လွန်နေပြီ ဖြစ်ပြီး ကိုယ့် ကုန်ကျစားရိတ်နဲ့ ကိုယ် ဘက်ထရီ လဲကြရပါတယ်။ ဒါပေမယ့် ဘက်ထရီလဲပြီးတဲ့အခါမှာလည်း ဒီပြဿနာ ဆက်ဖြစ်နေပါတယ်။ သုံးစွဲသူ တချို့က ဒီပြဿနာဟာ macOS Big Sur Version 11.1 တင်ပြီးတဲ့အခါကျမှ ဖြစ်ပွားတာလို့ ပြောနေကြပါတယ်။ ဒါပေမယ့် တချို့ကလည်း Update မလုပ်ရသေးလည်း ဖြစ်နေတယ်လို့ သတင်းပေးထားကြပါတယ်။

Apple Customer Service ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ ဒီပြဿနာဟာ System Update နဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။ Apple က ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ သင့် လက်ပ်တော့မှာ ဒီပြဿနာ ဖြစ်နေရင် ဆော့ဖ်ဝဲ Update ကို စောင့်ရမှာ ဖြစ်ပြီး Apple က ထုတ်ပေးမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizchina