ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ထိုင်ဝမ် EconomicDailyNews ရဲ့ သတင်းကိုကိုးကားပြီး Apple Car ကို ၂၀၂၁ ခုနှစ် တတိယသုံးလပတ်ထဲမှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ MacRumours က ရေးသားဖော်ပြခဲ့ပါတယ်။ ရိုက်တာသတင်းဌာနကတော့ အလွန်ဆုံး ၂၀၂၄ ခုနှစ်မှ ဖြစ်နိုင်မယ်လို့ ရေးသားဖော်ပြခဲ့ပြန်ပါတယ်။

Apple သတင်းတွေနဲ့ပတ်သက်ရင် ဖယ်ထားလို့မရတဲ့ Ming-Chi Kuo ကတော့ Apple Car နဲ့ပတ်သက်ပြီး “ဈေးကွက်ရှယ်ယာက သိပ်တက်လွန်းတယ်” လို့ မှတ်ချက်ပေးခဲ့သလို၊ ဒီကားတွေကို အစောဆုံးအနေနဲ့ ၂၀၂၅ မှဖြန့်ချိတာကို မြင်တွေ့ရဖွယ်ရှိပြီး၊ လက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ ၂၀၂၈ ဒါမှမဟုတ် ဒီနောက်ပိုင်းမှလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Kuo ကတော့ Apple Car နဲ့ပတ်သက်ပြီး အဓိကပြဿနာသုံးခုကို ထောက်ပြသွားပါတယ်။ မိတ်ဆက်ဖြန့်ချိမယ့်အချိန် တိကျရေရာမှုမရှိခြင်း၊ ယာဉ်အစိတ်အပိုင်းနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းထောက်ပံ့ပေးသွင်းသူတွေနဲ့ပတ်သက်ပြီး သေချာရေရာမှုမရှိခြင်း၊ EV နဲ့ Self-driving ဈေးကွက်အတွင်း Apple ရဲ့ တိကျသေချာတဲ့ ယှဉ်ပြိုင်မှုမရှိခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

Kuo ရဲ့ အစောပိုင်းခန့်မှန်းသုံးသပ်ချက်မှာ Apple Car ဖြန့်ချိချိန်ကို ၂၀၂၃−၂၀၂၅ လို့ ဖော်ပြခဲ့ပေမယ့်၊ နောက်ပိုင်းထပ်ပြီးပြုလုပ်ထားတဲ့ သုတေသနရလဒ်တွေအရ Apple ရဲ့ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ထုတ်လုပ်မှုဖြစ်စဉ်တွေအပါအဝင် အရာအားလုံးက အဆင်ပြေပြေနဲ့ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တောင် ဖြန့်ချိချိန်ဟာ ၂၀၂၅−၂၀၂၇ ခုနှစ်လောက်မှ ဖြစ်လာမယ်လို့ ပြောင်းလဲဖော်ပြလာပါတယ်။

နောက်တစ်ချက်ကတော့ Apple အနေနဲ့ EV ကို ကိုင်တွယ်ရာမှာ အားသာချက်အတော်များများ ရှိနေတယ်ဆိုပေမယ့်၊ လုပ်ငန်းသစ်မှာ အမြဲတမ်းအောင်မြင်တယ်ဆိုတာ မရှိကြောင်း Kuo က ရင်းနှီးမြှုပ်နှံသူတွေကို သတိပေးခဲ့ပါတယ်။ ဒါကို Apple ဟာ HomePod ကို စတင်ခဲ့တုန်းက ကြီးမားတဲ့ဈေးကွက်ရှယ်ယာကို ရယူနိုင်ခဲ့ခြင်းမရှိတာနဲ့ ဥပမာပေးဖော်ပြခဲ့ပါတယ်။

နောက်ဆုံးအချက်ကတော့ EV နဲ့ Self-driving auto space တွင်းယှဉ်ပြိုင်မှုမှာ Apple ဟာ သေချာပေါက်အောင်မြင်မယ်လို့ မပြောနိုင်ကြောင်း ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ အရေးပါတဲ့ရှုထောင့်က Hardware မဟုတ်ဘဲ၊ Self-drive data နဲ့ AI ဖြစ်ပါတယ်။ Tesla, Waymo အပါအဝင် အခြားပြိုင်ဘက်တွေနဲ့ယှဉ်ရင် Apple အနေနဲ့ ပိုပြီးနက်ရှိုင်းတဲ့သင်ယူမှုအပိုင်းမှာ ၅ နှစ်စာလောက် နောက်ကျနေမှာကို Kuo က စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် Morgan Stanley ကတော့ Kuo နဲ့ ဆန့်ကျင်ဘက်ရှုထောင့်ကနေ ကြည့်မြင်ပုံရပါတယ်။ “Apple ဟာ Autonomy နဲ့ Renewable tech မှာ တီထွင်ဆန်းသစ်မှုအသစ်ဆီကို ဦးတည်နေတယ်” လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ Goldman Sachs analysts ကလည်း Apple ဟာ in-car experience မှာ စိတ်ဝင်စားစရာအကောင်းဆုံးလို့ ယုံကြည်နေပါတယ်။

လက်ရှိသတင်းတွေအရတော့ Ming-Chi Kuo က တစ်ရွာလုံးနဲ့တစ်ယောက်လို ဖြစ်နေပါတယ်။ ဒါပေမယ့် Kuo ဟာ Apple နဲ့ပတ်သက်တဲ့ ကြိုတင်သတင်းတွေ၊ ကြိုတင်ဟောကိန်းတွေမှာ လွဲခဲတာကြောင့် Apple Car ကိစ္စမှာလည်း သူ့ရဲ့ အများနဲ့ဆန့်ကျင်နေတဲ့သုံးသပ်ချက်ဟာ ဘယ်လောက်ထိ မှန်ကန်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။

Ref: 9To5Mac