Mastercard မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ၎င်း၏ သီးခြားရုံးခွဲအား ဖွင့်လှစ်ရန် စတင်လုပ်ဆောင်လျှက်ရှိပြီး မြန်မာနိုင်ငံအတွက် country business development manager တစ်ဦးအား ခန့်အပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Mastercard အနေဖြင့် ယခုကဲ့သို့မြန်မာနိုင်ငံအတွင်း အခြေချမှုကို ပြုလုပ်ရခြင်းမှာ နိုင်ငံ၏ ဒီဂျစ်တယ် ငွေပေးချေရေး ဂေဟစနစ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အပံ့ကောင်း ဖြစ်လာစေရန်နှင့် အနာဂတ်တွင် နည်းပညာမြင့်မားသော ငွေသားမဲ့ ပေးချေသောစနစ်အား ဖော်ဆောင်ရန် ရည်ရွယ်ကြောင်းသိရသည်။ ယခုကဲ့သို့သော လုပ်ဆောင်ချက်အရ Mastercard သည် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအား အရှိန်မြှင့်တင်ရန်အတွက် နှစ်ရှည် ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ကာ ဈေးကွက်အပေါ်လည်း ယုံကြည်မှုများရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် ထိုးတက်လာနိုင်ဖွယ်ရှိပြီး အရှေ့တောင်အာရှဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျှင်မြန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာကောင်းများစွာ ရှိနေပါသည်။ ဈေးကွက်အတွင်းတွင်လည်း ဒီဂျစ်တယ်စီးပွားရေး ဘက်သို့ တစ်ဆင့်ပြီးတစ်ဆင့် အလျင်အမြန် ကူးပြောင်းလာသည်ကို တွေ့မြင်နေရပါသည်။ ဥပမာအားဖြင့် နိုင်ငံ၏ လေးပုံတစ်ပုံအောက်သာ ဘဏ်အကောင့်များ အသုံးပြုလျက်ရှိသော်လည်း လူဦးရေ၏ ၈၀%ရာခိုင်နှုန်းမှာ စမတ်ဖုန်းများ အသုံးပြုနေကြပြီး ဖုန်းမှတစ်ဆင့် ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေးချေခြင်း၊ ငွေလွှဲခြင်းများကို အများအပြား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအစိုးရ အနေဖြင့်လည်း ခေတ်မီသော ငွေပေးချေရေး စနစ်သစ်အတွက် အထောက်အပံ့များစွာကို ဆက်တိုက်ပေးနေပြီး၊ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများအကြား ငွေပေးချေမှုနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်အတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများအား အခွင့်အလမ်းများပေးကာ ပံ့ပိုးလျက်ရှိသည်။

“မြန်မာနိုင်ငံသူ နိုင်ငံသားများနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အချိန်မရွေး ငွေပေးချေမှုများ လုပ်ဆောင်နိုင်ဖို့ အခုလို အမျှော်အမြင်ကောင်းနဲ့ ပံ့ပိုးပေးနေပြီး၊ တကယ့်ကို ကောင်းမွန်တဲ့ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေကို ဖန်တီးပေးနေတဲ့အတွက်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးအသွင် ကူးပြောင်းမှုဟာ ပိုမိုကောင်းမွန်တဲ့ အလားအလာများစွာ ရှိနေတာကို မျက်မြင်တွေ့နေရပါတယ်။ Mastercard အနေနှင့်လည်း နှစ်ပေါင်းများစွာကတည်းက ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်းရာကျော်ရဲ့ ငွေပေးချေရေးဂေဟစနစ် ပိုမို အဆင့်မြင့် အားကောင်းလာစေရေးအတွက် လက်တွဲလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ထားရှိတဲ့ ရည်မှန်းချက်ကလည်း ဒီအတိုင်းပါပဲ။ Mastercard ရဲ့ နိုင်ငံတကာမှာ လက်တွေ့လုပ်ဆောင်နေတဲ့ နည်းလမ်းတွေနည်းပညာတွေကို ယူဆောင်လာပေးပြီး၊ ပြည်တွင်းမှာ အခြေချလုပ်ကိုင်ရင်း နိုင်ငံတွင်းအခြေအနေကို နားလည်အောင်ကြိုးစားသွားမှာပါ။ ဒီကနေနိုင်ငံအတွက် စိတ်ချယုံကြည်ရတဲ့ ဒီဂျစ်တယ် အနာဂတ်ကို မြန်ဆန်မှု၊ ထိရောက်မှု၊ လုံခြုံစိတ်ချရမှု စတဲ့ ဝန်ဆောင်မှုတွေပေးပြီး ကူညီဖော်ဆောင်ပေးသွားဖို့ ရည်ရွယ်ပါတယ်။” ဟု Mastercard၊ Southeast Asia Emerging Markets ရဲ့ Division President ဖြစ်သူ Safdar Khan ကပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာတွေအချိန်နဲ့ တပြေးညီ တိုးတက်နေတာနဲ့အမျှ နိုင်ငံသားတွေအနေနဲ့ လိုအပ်တဲ့ အသိပညာ အရည်အချင်းတွေလည်း တိုးတက်လာပြီး ဒီဂျစ်တယ် စီးပွားရေးစနစ်မှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ်။ Mastercard အနေနဲ့ မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ နည်းပညာစွမ်းဆောင်ရည်တွေကို ယူဆောင်လာမှာဖြစ်ပြီး ဒါဟာ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အပံ့ကောင်း ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ သန္ဓိဌာန်ထဲက တစ်ခုဖြစ်တဲ့ ပြည်တွင်းက အရည်အချင်းရှိတဲ့သူတွေကို ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေပေးပြီး ပံ့ပိုးသွားဖို့ ရည်ရွယ်ထားတာကြောင့် စီမံခန့်ခွဲမှုအပိုင်းမှာ ပြည်တွင်းကပဲ ရွေးချယ်ခန့်အပ်သွားမှာ ဖြစ်သလို ဒါဟာ နိုင်ငံအတွက် ထိရောက်မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်စေပြီး ရည်ရှည်တည်တံ့ အောင်မြင်စေဖို့ များစွာအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။” ဟု Khan မှ ဖြည့်စွက် ပြောကြားခဲ့သည်။

Mastercard သည် မြန်မာနိုင်ငံ၏ အစိုးရဌာနများ ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် အသုံးပြုသူများအတွက် ဒီဂျစ်တယ်စနစ်ငွေပေးချေမှု ဝန်ဆောင်မှုများဆောင်ရွက်ပေးနေသည်မှာ ဆယ်စုနှစ်နီးပါးရှိပြီဖြစ်ပြီး အောက်ဖော်ပြပါ အောင်မြင်မှု မှတ်တိုင်များလည်း ရရှိခဲ့ပါသည် –

• ပထမဦးဆုံးသော နိုင်ငံတကာ ငွေပေးချေမှု ကွန်ယက် လိုင်စင်ဖြင့် Co-Operative Bank Limited (CB ဘဏ်) ဖြင့်ပူးပေါင်းကာ Mastercard များကို မြန်မာနိုင်ငံတွင်လက်ခံအသုံးပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခြင်း

• လချီကြာမြင့်လေ့ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို တစ်ရက်တည်းအပြီး ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ CB ဘဏ်တို့ဖြင့် ပူးပေါင်းကာ MSME Web portal အမည်ရှိ e-government web portal အားမိတ်ဆက်ပေးခြင်း

• မြန်မာ့ရှေ့ဆောင်ဘဏ် (MAB ဘဏ်) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော credit card ကို အမျိုးသမီးများအတွက် ရည်ရွယ်ကာ သီးသန့်ဒီဇိုင်းဖြင့် ထုတ်လုပ်ပေးခဲ့ခြင်း

• ရိုးမဘဏ် (YOMA ဘဏ်) အသုံးပြုသူများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် ဒီဂျစ်တယ် ဘဏ်စနစ်နှင့် ပိုမိုအဆင်ပြေစေသော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း

• Mastercard ၏ မြန်မာနိုင်ငံတွင် (၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းရှိ Mastercard အသုံးပြုသူများအား ၂၀၂၁ အထိ ခံစားနိုင်သည့် အထူးအစီအစဉ်များကို ပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

Source – Mastercard