တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး Esports အသင်းတစ်ခုဖြစ်တဲ့ PSG.LGD မှာ နှစ်နဲ့ချီပြီး ဆော့ကစားခဲ့တဲ့ Dota 2 ပရို ကစားသမား နှစ်ဦး Lu “Somnus’ M” Yao (Maybe) နဲ့ Xu “fy” Linsen တို့ဟာ အောင်မြင်မှုများစွာ ရယူခဲ့တဲ့ LGD အသင်းကို နောက်ဆုံးတော့ စွန့်ခွာဖို့ ပြင်ဆင်နေပြီလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တရုတ် Dota 2 ကစားသမားတွေထဲမှာ လက်ရှိ လူသိအများဆုံး ကစားသမားနှစ်ဦးလည်း ဖြစ်တဲ့ သူတို့ နှစ်ယောက်ဟာ တရုတ်အခြေစိုက် အသင်းသစ်တွေနဲ့ပဲ စာချုပ်တောင် ချုပ်ပြီးသွားပြီလို့လည်း ဆိုပါတယ်။ အဲဒီ အသင်းသစ်ကတော့ 4 Angry Men (4AM) လို့ခေါ်တဲ့ တရုတ်အခြေစိုက် အကြီးဆုံး PUBG အဖွဲ့အစည်း ကနေ အသစ်ဖွဲ့စည်းလာမယ့် Dota 2 အသင်းလို့ ဆိုပါတယ်။

သူတို့နှစ်ဦးအပြင် တရုတ်ပြည်တွင်း Dota 2 မြင်ကွင်းမှ နာမည်ကြီး ကစားသမားတွေကိုလည်း ဒီအဖွဲ့အစည်းကြီးက စာချုပ်ဖို့ ကြိုးစားနေတာကြောင့် အောင်မြင်မှု ရယူဖို့ ပစ်မှတ်ကြီးကြီးထားနေမှန်း သိသာပါတယ်။ သူ့ပစ်မှတ်တွေထဲမှာ လက်ရှိ ViCi Gaming အသင်းမှာ ကစားနေတဲ့ ထိပ်တန်း Carry ကစားသမား “Eurus” ခေါ် “Paparazi” လည်း အပါအဝင်ပါပဲ။

မကြာသေးခင်က ViCi Gaming တင်ခဲ့တဲ့ ဓါတ်ပုံတစ်ခုကလည်း ဒီသတင်းကို မီးလောင်ရာလေ့ပင့် ဖြစ်စေခဲ့ပါတယ်။ အဲဒီ ပုံထဲမှာ VG အသင်းသား လေးယောက်နဲ့ နည်းပြ “rOtK” တို့သာ အတူတွေ့ရပြီး “Eurus” တစ်ယောက် မပါလာခဲ့ပါဘူး။

Maybe ဟာ ၂၀၁၅ ခုနှစ်က Ti5 မစခင်လေးမှာ PSG.LGD အသင်းကို ရွှေ့ပြောင်းခဲ့ပြီး အသင်းရဲ့ သစ္စာရှိ ကစားသမား တစ်ယောက်အဖြစ် အခုထိ ဆော့ကစားနေခဲ့တာပါ။ ဒီအသင်းနဲ့ အနည်းဆုံး ပွဲပေါင်း ၁၄၄၄ ပွဲကျော် ကစားထားသူမို့ NaVi.Dendi ကိုကျော်လွန်ပြီး အသင်းတစ်သင်းထဲအတွက် ပွဲအများဆုံး ကစားပေးခဲ့သူ စံချိန်ပိုင်ရှင်လည်း ဖြစ်ပါတယ်။

Ref – AFKGaming