MWC 2020 နည်းပညာပြပွဲကို ဖျက်သိမ်းလိုက်ပေမယ့် ကုမ္ပဏီတွေက ဖေဖော်ဝါရီလမှာ စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို စီစဉ်ထားတဲ့အတိုင်း ကြေညာကြမှာပါ။ Samsung က Galaxy S20 Series ကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ ကြေညာခဲ့ပြီး အဲဒီနောက်မှာ Xiaomi က Mi 10 နဲ့ Mi 10 Pro တို့ကို အပြိုင်အဆိုင် ချပြခဲ့ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ OPPO , Realme နဲ့ iQOO တို့ရဲ့ အလန်းစား ဖုန်းတွေကို မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

စမတ်ဖုန်း အသစ် ကြေညာဖို့ သတင်းအစအန မပေးသေးတဲ့ ဖုန်း ကုမ္ပဏီ အနည်းငယ်ထဲက ၁ ခုက တရုတ် ကုမ္ပဏီ Meizu ပါ။ Meizu ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်း အကြောင်း သိပ်မသိရသေးပါဘူး။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက Meizu ရဲ့ တရားဝင် Teaser တွေကို မတွေ့ရတော့တာပါ။ အခုတော့ Flyme ရဲ့ Visual Designer ဖြစ်သူ Guo Taotao က Meizu 17 ကို ဖန်တီးနေပါတယ်ဆိုပြီး ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။

Meizu OS ကို ဖန်တီးနေသူရဲ့ သတင်းစကားအရ ကုမ္ပဏီဟာ စွမ်းဆောင်ရည်မြင့် Meizu 17 ကို ထုတ်လုပ်ရောင်းချဖို့ အရမ်းကို ကြိုးစား အားထုတ်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းကို မကြာခင် ရောင်းချမှာ မဟုတ်တာကတော့ Meizu Fans တွေအတွက် စိတ်မကောင်းစရာ သတင်းပါ။

ကုမ္ပဏီက Meizu 17 မှာ Snapdragon 865 Chipset မောင်းနှင်ထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ အဲဒီ Chipset ပါတဲ့ အလန်းစား ဖုန်းတွေ ဒီနှစ်ထဲမှာ ထွက်ပေါ်နေကြပါပြီ။ 865 မှာ Snapdragon X55 Modem ပါလာပြီး SA & NSA Dual-mode 5G ကို ထောက်ပံ့ပါတယ်။ Meizu 17 မှာ အနည်းဆုံး 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေက အရင်မျိုးဆက်ထက် ပိုပါးလွှာမှာဖြစ်ပြီး ညာဘက်အထက်မှာ Punch-hole ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

Ref : gizchina