ယခင် Xiaomi နဲ့ အပြိုင် တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Meizu ဟာ ယခုနှစ်အတွင်းမှာ Meizu 21 Flagship ဖုန်းအသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပါတယ်။ အခုလည်း အဆိုပါ Meizu 21 ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို အတိအကျ ကြေညာလိုက်ပြီဖြစ်ပါတယ်။

Meizu ရဲ့ ကြေညာချက်အရ Meizu 21 ဖုန်းကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံ၊ ဘေဂျင်းစံတော်ချိန် နေ့လည် ၂ နာရီ၊ ၃၀ မိနစ်မှာ Launch Event ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါ Launch Event မှာ Meizu 21 ဖုန်းအပြင် ပိုမိုကောင်းမွန်တဲ့ Meizu 21 Pro ဖုန်းကိုပါ မြင်တွေ့ရမယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

Meizu ကုမ္ပဏီဘက်ကနေ လောလောဆယ် ထုတ်ပြန်ထားတဲ့ Teaser ဓါတ်ပုံတွေ၊ သတင်းအချက်အလက်တွေအရ Meizu 21 ဖုန်းဟာ 6.55 Samsung OLED Display ကို အသုံးပြုထားမှာဖြစ်ပြီး ဘေးဘောင် ၄ ဖက်စလုံးဟာ 1.74mm ပဲ အထူရှိမှာဖြစ်ပါတယ်။ တခြားဖုန်းတွေနဲ့ မတူဘဲ ထူးခြားချက်က အရှေ့မျက်နှာပြင်ဘေးဘောင်တွေကပါ အဖြူရောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ အတိအကျသိရှိရခြင်းမရှိသေးဘဲ Qualcomm Snapdragon 8 Gen 3 Chipset အပြင် Android 14 ကို အခြေခံထားတဲ့ FlymeOS အသစ်ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Meizu ကုမ္ပဏီဟာ တရုတ်နိုင်ငံတွင်းမှာ Meizu 21 ဝယ်ယူတဲ့သူတိုင်းကို ၃၆ လ (၃ နှစ်) အာမခံပေးသွားမယ်ဆိုပြီးလည်း ကြေညာထားပါတယ်။

Meizu ဖုန်းကုမ္ပဏီကို တရုတ်နာမည်ကြီး ကားကုမ္ပဏီအုပ်စုဖြစ်တဲ့ Geely ကနေ ဝယ်ယူထားပြီးဖြစ်တာကြောင့် မကြာခင်မိတ်ဆက်တော့မယ့် Meizu 21 ဖုန်းတွေမှာ ကားတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် FlymeAuto Feature ကိုလည်း ထည့်သွင်းထားဖွယ်ရှိနေပါတယ်။

Ref – GSM Arena