Meizu ဟာ ယခင်တုန်းက စမတ်ဖုန်းစျေးကွက်ထဲမှာ နေရာတစ်ခုရရှိခဲ့ပေမယ့် အခုနှစ်နောက်ပိုင်းတွေမှာ စမတ်ဖုန်းတွေအမြောက်အများထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ နာမည်ကျဆင်းသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက Meizu ကုမ္ပဏီကို တရုတ်နိုင်ငံတွင်း ကားကုမ္ပဏီဖြစ်တဲ့ Zhejiang Geely Holding Group ကနေ ဝယ်ယူလိုက်ပြီးနောက်ပိုင်းမှာ စတင်အပြောင်းအလဲတွေကို မြင်တွေ့ရဖို့ရှိနေပါပြီ။

ဘာကြောင့်လဲဆိုရင် Meizu ဟာ ယခုနှစ်အတွင်းမှာ Meizu 20 Series Flagship ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်ထားတဲ့အပြင် Foldable ဖုန်းစျေးကွက်ကိုပါ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ Xingji Meizu Group ရဲ့ CEO နဲ့ Chairman အဖြစ်တာဝန်ယူထားတဲ့ Shen Ziyu ကနေ Meizu ဟာ လာမယ့် ၃ နှစ်အတွင်းမှာ တရုတ်နိုင်ငံစမတ်ဖုန်းစျေးကွက်ရဲ့ အဆင့် (၅) အတွင်းရောက်အောင် ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

Meizu ဟာ အခုလိုမျိုး စျေးကွက်နေရာပြန်ရဖို့အတွက် အထူးသဖြင့် Mid Range ကနေ High End ဖုန်းစျေးကွက်တွေကို ဦးစားပေးသွားမှာဖြစ်ပြီး Budget ဖုန်းတွေလည်း မိတ်ဆက်လာနိုင်ပါတယ်။ Meizu 20 Series ဖုန်းတွေကိုလည်း ယခုလအတွင်းမှာပါ မိတ်ဆက်လာနိုင်တာကြောင့် အရင်ဆုံး Meizu ရဲ့ ဒီနှစ် Flagship ဖုန်းတွေက ဘယ်လောက်ထိ စျေးကွက်အတွင်းမှာ ပြိုင်ဆိုင်နိုင်သလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

အခုလိုမျိုး စျေးကွက်နေရာကို ပြန်လည်ရရှိဖို့အတွက် Meizu ဟာ တရုတ်နိုင်ငံတွင်းမှာ Experience Store တွေနဲ့ After-sale Service Center တွေကို ဆက်တိုက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Meizu ရဲ့ ပန်းတိုင်အနေနဲ့ လာမယ့် ၃ နှစ်အတွင်းမှာ Offline Store ပေါင်း ၁,၀၀၀ အထိရှိလာဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံစျေးကွက်တင်မကဘဲ Global စျေးကွက်ကိုလည်း အလားတူဝင်ရောက်သွားဖို့ ပြင်ဆင်ထားတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Ref – Gizmo China