WhatsApp ဟာ အသုံးပြုသူအတော်အသင့်ရှိနေပေမဲ့ အခြားပြိုင်ဘက်တွေနဲ့နှိုင်းယှဉ်ရင်တော့ အတော်လေး မျက်နှာငယ်ရတဲ့ Messaging App လို့ဆိုရပါမယ်။ Feature တွေလည်း စုံစုံလင်လင်မရှိသလို၊ ဒီဇိုင်းပိုင်းကလည်း ထူးခြားသာလွန်နေတာမျိုး မရှိပြန်ပါဘူး။

ဒါပေမဲ့ WhatsApp ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အချိန်အဟုန်နဲ့ ဆက်လက်ရွေ့လျားလာတာကို မြင်တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ဇွန်လမတိုင်ခင်က ခပ်ကျဲကျဲပဲရှိခဲ့တဲ့ ပြောင်းလဲမှုတွေက အခုအချိန်မှာတော့ ခပ်စိပ်စိပ်တွေ့လာရပါပြီ။ အထူးသဖြင့် အကောင့်တစ်ခုကို Device လေးခုမှာ သုံးခွင့်ပေးလိုက်တာ၊ ဗီဒီယိုအရည်အသွေးကို အသုံးပြုသူကိုယ်တိုင်က သတ်မှတ်လာနိုင်တာ၊ Group Call မှာ ပိုကောင်းလာတာ၊ ရက် ၉၀ နောက်ပိုင်း Message တွေ ပျောက်ကွယ်သွားစေနိုင်တာမျိုး ဖြစ်ပါတယ်။

အခုတစ်ခါတော့ Message မှာ Reactions တွေ ရရှိတော့မှာပါ။ Facebook ရဲ့ Messenger အပါအဝင် အခြား Messaging app တွေမှာ Reactions ရရှိပေမဲ့ WhatsApp ကတော့ မရခဲ့ပါဘူး။ ဒီ Feature ကို WhatsApp မှာ ရွေးချယ်ထားတဲ့ လူနည်းစုနဲ့ပဲ စမ်းသပ်သုံးစွဲနေပြီဆိုတဲ့သတင်းတော့ ထွက်လာပါပြီ။ ဘယ်အချိန်မှာ Public ဆီ ဖြန့်ပေးမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။

အသုံးပြုသူအနေနဲ့ လက်ခံရရှိတဲ့စာကို ကြာရှည်စွာဖိထားပြီးတဲ့နောက် Emojis တန်းတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအခါမှာ Quote-reply မလိုဘဲ React ပေးနိုင်မယ်လို့သိရပါတယ်။ Emoji တွေထည့်တာ၊ ဒါမှမဟုတ် စာသားတချို့ရိုက်ထည့်တာမျိုးလည်း လုပ်နိုင်မယ်လို့ ဆိုပါတယ်။ နှမျောစရာကောင်းတာက ဒီ Feature စမ်းသပ်မှုနဲ့ပတ်သက်ပြီး စုံလင်တဲ့အထောက်အထား မရရှိသေးတာပါပဲ။

WhatsApp ဟာ Feature သစ်တစ်ခုကို အသုံးပြုသူတွေဆီ ဖြန့်ဝေမပေးသေးခင် စမ်းသပ်အသုံးပြုတဲ့ကာလကို အချိန်ကြာမြင့်စွာ ယူလေ့ရှိပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်သစ်ကို ချက်ချင်းသုံးစွဲနိုင်ကြမှာမဟုတ်သေးဘဲ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena