စမတ်နာရီဈေးကွက်ကိုကြည့်လိုက်ရင် Apple ဟာ နှစ်ပေါင်းများစွာ ကြီးစိုးနေတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် မြင်တွေ့ရပါလိမ့်မယ်။ အခြားအမှတ်တံဆိပ်တွေလည်း Apple ကို ယှဉ်ပြိုင်နိုင်ကြတယ်ဆိုပေမဲ့ အခုအချိန်အထိတော့ သိသာထင်ရှားတဲ့ ကျော်လွှားမှုကို မပြုလုပ်နိုင်သေးတာပဲ ဖြစ်ပါတယ်။

စမတ်နာရီဈေးကွက်ထဲကိုဝင်ဖို့ ပြင်ဆင်နေတဲ့ထဲမှာ Meta လည်း ပါဝင်ပါတယ်။ Meta ဟာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ကင်မရာနှစ်လုံးပါရှိပြီး ဝတ်ဆင်နိုင်တဲ့ စမတ်နာရီနဲ့ ကမ္ဘာကြီးကို လှုပ်နှိုးဖို့စီစဉ်ခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဒီနာရီကို သုံးစွဲနိုင်တော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ Meta က သူတို့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စမတ်နာရီစီမံကိန်းကို ပယ်ဖျက်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

Meta ဟာ သူတို့ရဲ့ စမတ်နာရီကို Software ထက် Hardware ပိုင်းမှာ ပိုပြီးအာရုံစိုက် ပြင်ဆင်ခဲ့ပါတယ်။ ပေါက်ကြားမှုတွေအရ 5MP ကင်မရာနဲ့ 12MP ကင်မရာတွေကို တပ်ဆင်ထားဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အရှေ့ကင်မရာနဲ့ Selfie ရိုက်ကူးနိုင်သလို နာရီကို ဖြုတ်ပြီးတော့လည်း စမတ်ဖုန်းတစ်လုံးလို ဓါတ်ပုံရိုက်ကူးနိုင်စေဖို့ စိတ်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီစမတ်နာရီရဲ့ နောက်ကွယ်က နောက်ထပ်အယူအဆတစ်ခုက အသုံးပြုသူတွေအနေနဲ့ Apple ဒါမှမဟုတ် Google မပါဘဲ ကုမ္ပဏီရဲ့ လူမှုရေးပလက်ဖောင်းတွေကို ဝင်ရောက်ကြည့်ရှုနိုင်ဖို့ ဖြစ်ကြောင်း သိရပါတယ်။ အကြံအစည်က ကင်မရာနှစ်လုံးနဲ့ စမတ်နာရီကို အသုံးပြုပြီး ဓာတ်ပုံတွေကို Instagram ဒါမှမဟုတ် Facebook စတာတွေမှာ လွယ်ကူမြန်ဆန်စွာနဲ့ မျှဝေနိုင်ဖို့ ဖြစ်ပါတယ်။ သီအိုရီအရတော့ နာရီနဲ့ဓာတ်ပုံရိုက်ပြီးတာနဲ့ လူမှုကွန်ရက်ပေါ် ချက်ချင်းတင်ပြီးသား ဖြစ်စေဖို့ပါပဲ။

Meta ဟာ စမတ်နာရီမှာ ကင်မရာနှစ်လုံးတပ်ဆင်ရေးအစီအစဉ်ကို ပြေလည်အောင်ဆောင်ရွက်နိုင်ခဲ့ပေမဲ့ Privacy issues ကြောင့် ဒီစီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနာရီကို မတော်တရော်ကိစ္စတွေအတွက် လျှို့ဝှက်အသုံးချမှာ စိုးရိမ်ရတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Meta ဟာ ဝန်ထမ်းပေါင်း သောင်းတစ်ထောင်ကို ထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Ref: Android Police