Xiaomi ကုမ္ပဏီဟာ နှစ်ငါးဆယ်ပြည့်သွားပြီ ဖြစ်တဲ့ Doraemon ကာတွန်းစီးရီးကို ဂုဏ်ပြုတဲ့ အနေနဲ့ Mi 10 Youth Doraemon Limited Edition စမတ်ဖုန်းအား ထုတ်လုပ် ရောင်းချလာပါတယ်။ ဒီဗားရှင်းဟာ 8/256GB မော်ဒယ် တစ်မျိုးတည်း ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်း ယွမ် ၂၇၉၉ (မြန်မာငွေ ငါးသိန်းခွဲနီးပါး) ကျသင့်ပါတယ်။ အကြိုအမှာစာ လက်ခံနေပြီဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ တရုတ်ပြည် စျေးကွက်ထဲ ရောက်ရှိလာတော့မှာပါ။

ဂျပန် Anime စီးရီး တစ်ခုဖြစ်တဲ့ Doraemon ကို ၁၉၇၀ ခုနှစ်မှာ စတင် ထုတ်လွှင့်ခဲ့ပြီး အခုချိန်ထိ လူကြိုက်များနေဆဲ ဖြစ်သလို သူ့ကို မှီငြမ်းထားတဲ့ အိုင်ဒီယာတွေလည်း အများအပြား တွေ့ရှိရပါတယ်။ Mi 10 Youth Doraemon စမတ်ဖုန်းမှာ “Blueberry Mint” အရောင်နဲ့ ဆင်တူတဲ့ အပြာရောင်ကို Doraemon ရဲ့ အမှတ်အသား အဖြစ် ထည့်သွင်းထားပြီး နောက်ဘက်မှာ Doraemon ရဲ့ မျက်နှာကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။

ရောင်းချလာတဲ့ Box ကိုလည်း တူညီတဲ့ အရောင်ပဲ သုံးစွဲထားပြီး Doraemon မျက်နှာကြီးကို ထပ်မံ ထည့်သွင်းထားပါတယ်။ ဝယ်ယူသူတွေဟာ Doraemon Theme နဲ့ ကာဗာအပြင် အရုပ်လေးတစ်ရုပ်ကိုပါ ရရှိမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းကတော့ ပုံမှန် Mi 10 Youth နဲ့ အတူတူပါပဲ။ ဒါ့ကြောင့် ကွဲပြားတာဆိုလို့ အထူး Theme တစ်ခါတည်း ပါဝင်လာတာပဲ ရှိမှာပါ။ သို့ပေမယ့် Doraemon Limited Edition မဝယ်ထားတဲ့ MIUI သုံးစွဲသူတွေဟာလည်း Doraemon Theme ကို MIUI Themes App ကနေ ရယူ သုံးစွဲနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီဖုန်းဟာ Qualcomm Snapdragon 765G ချစ်ပ်ဆက် အသုံးပြုထားတဲ့ Mid-range 5G ဟန်းဆက် တစ်လုံး ဖြစ်ပြီး 5x Optical Zoom ပါဝင်ပါတယ်။ Mi 10 Youth ကိုယ်တိုင်တောင် ထွက်ရှိပြီး လေးလကြာတဲ့အထိ နိုင်ငံတကာ စျေးကွက်ကို မရောက်သေးတာကြောင့် ဒီဖုန်းကိုလည်း နိုင်ငံတကာ ဗားရှင်း မိတ်ဆက်လာဖို့တော့ မလွယ်ပါဘူး။

Ref – GizmoChina