Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Mi 9T စီးရီးကို ကြေညာခဲ့ပါတယ်။ Mi 9T နဲ့ 9T Pro တို့ဟာ Redmi K20 နဲ့ Redmi K20 Pro တို့ကို နာမည်ပြောင်းထားတာလည်း ဖြစ်ပါတယ်။ အစဉ်အလာအရဆိုရင်တော့ ဒီနှစ်ကြေညာရမှာက Mi 10T စီးရီးဖြစ်ရမှာပါ။

ပြီးခဲ့တဲ့ ပေါက်ကြားသတင်းသစ်အရဆိုရင် Mi 10T နဲ့ Mi 10T Pro တို့ ဆက်ထွက်လာမှာဖြစ်ပြီး အနည်းငယ်အဆင့်နိမ့်တဲ့ Mi 10T Lite ဗားရှင်းလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီသတင်းက Abhishek Yadav (@yabhishekhd) ရဲ့ တွစ်တာအကောင့်ကတစ်ဆင့် သိရတာပါ။

Abhishek Yadav ကတော့ Xiaomi ဟာ Mi 10T ဟန်းဆက်သုံးမျိုးကို နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Mi 10T Pro ရဲ့ အဓိက Specs အချို့နဲ့ Render ပုံကိုလည်း မျှဝေသွားခဲ့ပါသေးတယ်။ Mi 10T Pro ရဲ့ မျက်နှာပြင်ဟာ 144Hz refresh rate နဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာပြင်မှာ Punch-hole ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

မျက်နှာပြင်အမျိုးအစားဟာ LCD ဖြစ်နိုင်ခြေများသလို၊ Render အရဆိုရင်တော့ ဘေးဘက်မှာ Fingerprint scanner တပ်ဆင်ထားတယ်လို့ ပြောနိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားပြီး အဓိကကင်မရာက 108MP sensor ဖြစ်ပါတယ်။ ဘက်ထရီပမာဏက 5,000mAh ဖြစ်ပြီး Processor အကြောင်းတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း Mi 10T Pro အနေနဲ့ 5G ဟန်းဆက်ဖြစ်ပြီး Snapdragon 865 နဲ့ 865 Plus တွေကို သုံးလာနိုင်ပါတယ်။ ဒါပေမယ့် ရွေးချယ်စရာအဖြစ် Snapdragon 860 လည်း ရှိသေးတာကို မေ့လို့မဖြစ်ပါဘူး။ Mi 10T စီးရီးအကြောင်း နောက်ထပ်အချက်အလက်တွေ ထွက်ပေါ်လာဖို့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina