၂၀၁၉ ခုနှစ်ထဲမှာ Xiaomi ကုမ္ပဏီက မိတ်ဆက်ပြသခဲ့တဲ့ Mi MIX Alpha ဟာ ဖုန်းကိုယ်ထည်တစ်ခုလုံးနီးပါး Display တပ်ဆင်ထားတဲ့ Concept စမတ်ဖုန်းတစ်လုံးဖြစ်ပြီး အတော်လေး အာရုံစိုက်ခံခဲ့ရပါတယ်။

ကုမ္ပဏီက Mi MIX Alpha ရဲ့ ဈေးနှုန်းဟာ ယွမ် ၁၉,၉၉၉ (မြန်မာငွေ သိန်းလေးဆယ်နီးပါး) ကျသင့်နိုင်ပြီး ဈေးကွက်ထဲကို ထုတ်လုပ်ရောင်းချနိုင်ဖို့ အခွင့်အရေးရှိကြောင်း ပြောကြားခဲ့ပေမယ့် တကယ်တမ်းတော့ ဈေးကွက်ထဲ မရောက်လာခဲ့ပါဘူး။ ဒါပေမယ့် ယနေ့မှာတော့ ဒီ Concept ဖုန်းရဲ့ မျိုးဆက်သစ်နဲ့ပတ်သက်တဲ့ သတင်းထွက်လာပြီး Codename ကို “Draco” လို့ပေးထားတယ်လို့ ဆိုပါတယ်။

Leak သတင်းအသစ်မှာတော့ Mi MIX Alpha ရဲ့ဈေးကွက်ထဲရောက်လာနိုင်တဲ့ မျိုးဆက်သစ်မှာ Snapdragon 865 ချစ်ပ်ဆက်ကို မြင်ရတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် မူရင်းဗားရှင်းက Snapdragon 855+ ကိုထားခဲ့ပြီး နောက်ဆုံးပေါ် SD865 ကို ပြောင်းလဲကာ ဈေးကွက်ထဲ ပို့လာတော့မှာလား စိတ်ဝင်စားစရာပါပဲ။

ဒါ့အပြင် Xiaomi ရဲ့ ထုတ်ကုန် PR အရာရှိ Agatha Tang ကလည်း သူမရဲ့ တွစ်တာမှာ အခုအပတ်အစောပိုင်းက Mi MIX Alpha ကိုဖော်ပြထားတဲ့ ဗီဒီယိုကို ပြန်တင်လာခဲ့ပါတယ်။ ဒါဟာ Mi MIX Alpha အနေနဲ့ ဈေးကွက်ဝင်ဗားရှင်းအဖြစ် ထွက်လာဖို့ ညွှန်ပြနေတာပါပဲ။

ဒါပေမယ့်လည်း အခုချိန်ထိတော့ တရားဝင်ကြေညာလာတာ မရှိသေးဘဲ စောင့်ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် Mi MIX Alpha ရဲ့အနာဂါတ်ဆန်တဲ့ ဒီဇိုင်းကို ကြွေခဲ့တဲ့သူတွေအတွက်တော့ လာမယ့်အချိန်တိုအတွင်း လက်ဝယ်ပိုင်ဆိုင်ခွင့် ရလာနိုင်ပါသေးတယ်။

Ref – GizmoChina