Xiaomi ဟာ E-reader သစ်ဖြစ်တဲ့ Mi Reader Pro ကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Mi Reader Pro ဟာ ကနဦး Mi Reader ထက် အတော်လေးကို အဆင့်မြင့်သွားအောင် မြှင့်တင်ထားတယ်လို့ဆိုပြီး၊ Amazon Kindle Oasis နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

Mi Reader Pro ဟာ ကြီးမားတဲ့မျက်နှာပြင်ရှိတဲ့အပြင် စာဖတ်သူစိတ်ကြိုက်ပြင်ဆင်နိုင်သလို၊ ခေါင်းစဉ်တွေထည့်သွင်းပြီးလျင်လျင်မြန်မြန်ရှာဖွေဖို့လည်း အသံနဲ့ရှာဖွေရေးစနစ်ကို ထောက်ပံ့ထားပါသေးတယ်။ မျက်နှာပြင်အရွယ်အစားဟာ 7.8-inch ရှိပြီး E-ink screen ဖြစ်သလို၊ 330 pixel density လည်း ရှိပါတယ်။

မျက်နှာပြင် Illuminating LED ဟာ အလင်းအမှောင်ကို အဆင့် ၂၄ ဆင့်နဲ့ ချိန်ညှိနိုင်သလို၊ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အရောင်ကို Warm to cold အဖြစ် ပြောင်းလဲနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် စာဖတ်သူရဲ့ အမြင်အာရုံအတွက် ကောင်းမွန်တဲ့ မျက်နှာပြင်အလင်းထုတ်လွှတ်မှုကို ရရှိစေသလို သက်သောင့်သက်သာလည်း ဖြစ်စေပါတယ်။

အတွင်းပိုင်းမှာတော့ 2GB of RAM, 32GB storage, quad-core CPU နဲ့ Android Oreo 8.1 ကိုအခြေခံထားတဲ့ User interface တွေထောက်ပံ့ထားပါတယ်။ ဆက်သွယ်မှုအတွက် Wi-Fi, Bluetooth 5.0 တို့ ပါဝင်ပြီး Baidu, WeChat Reading လို တရုတ် Platform တွေကို ထောက်ပံ့ထားပါတယ်။

Xiaomi ဟာ Mi Reader Pro မှာ ပိုပြီးလွယ်ကူလျှင်မြန်စွာနဲ့ Browsing လုပ်နိုင်ဖို့ ကိုယ်ပိုင် Xiao AI အသံလုပ်ဆောင်ချက်အချို့ကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အကယ်၍ တူညီတဲ့ ကြိုးမဲ့ကွန်ရက်မှာ ရှိနေကြမယ်ဆိုရင် စာအုပ်တွေကို ဖုန်းကနေ လွှဲပို့ပေးလို့ရပါတယ်။ .txt, .epub, .pdf နဲ့ Microsoft Office documents တွေကို ကောင်းမွန်စွာသိရှိဖတ်ရှုနိုင်တယ်လို့ ဆိုပါတယ်။

Mi Reader Pro မှာတပ်ဆင်ပေးထားတဲ့ ဘက်ထရီပမာဏက 3,200mAh ဖြစ်ပြီး ရက်ပေါင်း ၇၀ ကြာ အသင့်သုံးအနေအထားနဲ့ ထားရှိနိုင်တယ်လို့ သိရပါတယ်။ Mi Reader Pro ကို အနက်ရောင်တစ်မျိုးတည်းသာ ထုတ်လုပ်ထားပြီး ဈေးနှုန်းကတော့ $165 (၂ သိန်း ၃ သောင်း) ဝန်းကျင်ဖြစ်ပါတယ်။ လောလောဆယ်တော့ တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ဝယ်ယူလို့ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena