Microsoft ဟာ အခုအချိန်မှာ Windows 11 ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်သလို စမ်းသပ်အသုံးပြုချင်တဲ့သူတွေအတွက် Beta Version ကိုပါ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ Windows 11 ဟာ ယခင် Windows 10 နဲ့ ယှဥ်မယ်ဆိုရင် UI Design ပိုင်း လုံးဝပြောင်းလဲသွားသလို Feature အသစ်တွေလည်း အများအပြားပါဝင်လာမှာဖြစ်ပါတယ်။

အခုလည်း Microsoft ကနေ Windows 11 အတွက် Feature အသစ်တစ်ခုကို ထည့်သွင်းဖို့စီစဥ်နေပြီး အဆိုပါ Feature ကို Focus Sessions လို့ ခေါ်ဆိုသွားမယ်လို့ သိရပါတယ်။ ဒါကတော့ လက်ရှိ Apple iOS 15 နဲ့ Android OS မှာလိုမျိုးပဲ အလုပ်လုပ်တဲ့အချိန်မှာ သီးသန့်အချိန်သတ်မှတ်ပြီး အသုံးပြုနိုင်တဲ့ Software တွေ၊ Notification တွေကို ကန့်သတ်ထားနိုင်မယ့် Feature တစ်ခုဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

အဆိုပါ Windows 11 ရဲ့ Focus Sessions Feature ဟာ အဓိကအနေနဲ့ လက်ရှိ Windows OS ရဲ့ Clock App နဲ့ Tasks App တွေကို အခြေခံပြီး အသုံးပြုရဖွယ်ရှိပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်တစ်ခုကတော့ ဒီလိုမျိုး Focus Sessions ကို အသုံးပြုနေတဲ့အချိန်မှာ Music Streaming Service တစ်ခုဖြစ်တဲ့ Spotify ကိုပါ Integrate ပြုလုပ်ပြီး အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ ဒီလိုမျိုး Windows 11 ရဲ့ Focus Sessions Feature ကို အသုံးပြုမယ်ဆိုရင် Spotify ကနေ သီးသန့် Playlist တွေကို နားထောင်နိုင်မယ်လို့ ယူဆရပါတယ်။ လက်ရှိအချိန်အထိ အဆိုပါ Focus Sessions Feature ကို Windows 11 Beta Build တွေမှာ အသုံးပြုနိုင်ခြင်းမရှိသေးတဲ့အတွက် တကယ်တမ်းဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Microsoft ဟာ ယခင်တုန်းက Groove Music နာမည်နဲ့ Music Streaming Service ကို ဆောင်ရွက်နေပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Windows 11 မှာ Spotify က Default Music Streaming App ပါ ဖြစ်လာနိုင်ခြေများနေပါတယ်။

Ref – The Verge