Microsoft Surface Duo ကို အရင်နှစ် အောက်တိုဘာလက ကြေညာခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ ရောင်းမယ်လို့ စီစဉ်ထားခဲ့ပါတယ်။ မကြာခင်ကထွက်ခဲ့တဲ့ သတင်းအရ Microsoft ဟာ စီစဉ်ထားတဲ့ အချိန်ထက် လများစွာကြာ နောက်ကျပြီးမှ ရောင်းနိုင်တယ်လို့ သိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်းမှာ အဲဒီ ဖုန်းကို ရောင်းမယ့် အချိန်နဲ့ ပတ်သက်ပြီး သတင်းများစွာ ထွက်ခဲ့တာပါ။

အခုတော့ မျက်နှာပြင် ၂ ခု ပါတဲ့ Surface Duo မှာ အသုံးဝင်တဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက် ၁ ခု ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ App Group လုပ်ဆောင်ချက်လို့ နာမည်ပေးထားပြီး သင် အသုံးများတဲ့ App တွေကို Home Screen မှာ အုပ်စုဖွဲ့ထားနိုင်မှာ ဖြစ်ပါတယ်။ Shortcut ကနေ အဲဒီ App တွေကို တစ်ပြိုင်နက် ဖွင့်ပြီး အသုံးပြုနိုင်မှာပါ။ ဒီလို လုပ်ဆောင်ချက်မျိုးကို တခြား ဖုန်းတွေမှာလည်း ထည့်ထားပါတယ်။ Samsung မှာ App Pairs, Sony မှာ 21:9 Multi-window နဲ့ LG မှာ Dual Screens တို့ ရှိကြပါတယ်။ ဒါပေမယ့် မျက်နှာပြင် ၂ ခု ပါတဲ့ ဖုန်းမှာ ပို အသုံးဝင်မှာပါ။

Surface Duo မှာ ၅.၆ လက်မ AMOLED မျက်နှာပြင်နဲ့ Snapdragon 855 Chipset ထည့်ထားပါတယ်။ အရွယ်အစားသေးတဲ့ 3,460mAh ဘက်ထရီ ပါလာပြီး Microsoft Surface Pen ထောက်ပံ့ထားပါတယ်။ ဖုန်းလိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ ကိရိယာ ဖြစ်ပြီး Android 10 ပဲ ထည့်ထားပေမယ့် Microsoft က Android  11 ကို ဖန်တီးနေပါတယ်။

Ref : gsmarena