ပထမဆုံး Sony PlayStation သို့မဟုတ် PS1 ဂိမ်းစက်ရဲ့ လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Monster Rancher 2 ဟာ နောက်ဆုံးတော့ iOS, Android နဲ့ Nintendo Switch ပလက်ဖောင်းတွေပေါ်ကို ရောက်လာတော့မှာပါ။ ဂျပန်နိုင်ငံ တစ်ခုတည်းမှာသာ ထွက်ရှိလာဦးမှာ ဖြစ်ပြီး ယန်း ၂၈၂၀ (မြန်မာငွေ သုံးသောင်းခွဲကျော်) နဲ့ ရောင်းချမှာ ဖြစ်တဲ့ ဒီဂိမ်းကို စက်တင်ဘာ ၁၇ ရက်နေ့မှာ စတင် ဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

မူလ Monster Rancher 2 ဟာ PS1 ရဲ့ Classic ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး ကစားသူဟာ Monster သတ္တဝါဆန်း တွေကို ခြံထဲမှာ မွေးမြူ လေ့ကျင့်ပြီး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ Monster တွေကို သားဖောက်နိုင်သလို စျေးထဲမှာလည်း လစဉ် သွားရောက် ဝယ်ယူနိုင်ပါသေးတယ်။ အထူးဆန်းဆုံးကတော့ PS1 ဂိမ်းစက်ထဲကို အခြား CD တွေ ထည့်ပြီး Monster တွေ ဆင့်ခေါ်နိုင်တဲ့ Feature တစ်ခု ပါခဲ့တာပါ။

ဝယ်ယူဆော့ကစားရမှာ ဖြစ်လို့ In-game Purchase တွေနဲ့ မနှိပ်စက်လောက်တော့ဘူးလို့ ယူဆရတဲ့ ဒီဂိမ်းဟာ မူလ Gameplay ကို အပြည့်အဝ နီးပါး ခံစားနိုင်မှာ ဖြစ်ပေမယ့် ဂိမ်းစက်ထဲ စီဒီခွေတွေ ထည့်ပြီး ဘာမွန်းစတားထွက်လာမလဲလို့ ရင်ခုန်ရတဲ့ အရသာကိုတော့ ပြန်မရနိုင်မှာ အသေအချာပါပဲ။

Monster Farm 2 လို့ အမည်ပေးထားတဲ့ မိုဘိုင်းဂိမ်းဟာ မူလ ဂိမ်းကို အခြေခံထားတာ သိသာရှင်းလင်းပြီး ဆော့ကစားနိုင်တဲ့ မွန်းစတား အမျိုးအစားပေါင်း ၄၀၀ ကျော် ပါဝင်ပါတယ်။ မိုဘိုင်းနဲ့ Switch ပလက်ဖောင်းတွေပေါ်ကို ပေးပို့လာမယ့် ဗားရှင်းက အရင်ကထက် ပိုရှင်းလင်းတဲ့ Resolution ပြင်ဆင်ပေးထားတာလည်း တွေ့ရမှာပါ။

ဒါဟာ Monster Rancher စီးရီးအတွက် ပထမဆုံး မိုဘိုင်းပေါ် လာတာတော့ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က My Monster Rancher ဂိမ်းဟာ ပိုကျစ်လစ်တဲ့ ပုံစံနဲ့ ထွက်လာခဲ့ဖူးပြီး အခြား ကစားသမားတွေရဲ့ Island တွေကို သွားရောက်လည်ပတ်နိုင်တာ စတဲ့ Feature တွေ ပါခဲ့ပါတယ်။

အခု Monster Rancher 2 ဟာ ဂျပန်ဗားရှင်းနဲ့သာ ထွက်ရှိဖို့ အတည်ပြုပေးထားပြီး နိုင်ငံတကာ စျေးကွက်ကို ထွက်လာရင်တော့ ကျန်တဲ့ ပရိသတ်တွေလည်း ပျော်ရမှာပါ။ ဂျပန်နိုင်ငံက ပရိသတ်တွေကတော့ App Store နဲ့ Google Play တို့မှာ Pre-register လုပ်ထားလို့ ရနေပါပြီ။

Ref – Pocket Gamer