Motorola ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Entry-level ဖြစ်တဲ့ Moto E6 ကို ကြေညာခဲ့ပါတယ်။ နောက်တစ်လအကြာ၊ စက်တင်ဘာမှာတော့ Moto E Plus ကို ဆက်တိုက်ဆိုသလို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ် စက်တင်ဘာတုန်းက Moto E7 Plus ကို ပွဲထုတ်ခဲ့ပေမယ့်၊ တစ်ဆင့်နိမ့်ဗားရှင်းဖြစ်တဲ့ Moto E7 ကိုတော့ မကြေညာရသေးပါဘူး။

အခုတော့ Moto E7 ရဲ့ စာနယ်ဇင်းပုံရိပ်တွေ ပေါက်ကြားထွက်ပေါ်လာတာတွေ့ရပြီဖြစ်တဲ့အတွက် ဒီဟန်းဆက်ကို တရားဝင်မိတ်ဆက်မယ့်ရက်ဟာ သိပ်မဝေးတော့ဘူးလို့ ဆိုနိုင်ပါတယ်။ Tipster က မျှဝေထားတဲ့ Render တွေအရ Moto E7 ကို Blue နဲ့ Gray အရောင်နှစ်မျိုးနဲ့ တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။

Moto E7 ဟာ Waterdrop notch နဲ့ဖြစ်ပြီး 16MP selfie ကင်မရာ တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ စတုရန်းပုံစံ ကင်မရာအိမ်နဲ့အတူ ကင်မရာနှစ်လုံး တပ်ဆင်ထားတာကို တွေ့ရပြီး 48MP + 2MP ဖြစ်တယ်လို့ သိရပါတယ်။ အောက်မှာတော့ Moto အမှတ်တံဆိပ်နဲ့အတူ Fingerprint scanner ကိုလည်း တပ်ဆင်ထားပါတယ်။ အပေါ်ဘက်မှာတော့ 3.5mm audio jack ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။

Moto E7 မှာ 5,000mAh ဘက်ထရီကို တပ်ဆင်ထားတယ်ဆိုပေမယ့် အားသွင်းစနစ်အကြောင်းတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် SoC အမျိုးအစားကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် 2GB RAM + 32GB storage နဲ့ 4GB RAM + 64GB storage ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်းက $100 (၁ သိန်း ၃ သောင်းဝန်းကျင်) လို့ ဆိုပါတယ်။

Ref: Gizmochina