ဇန်နဝါရီလ နောက်ဆုံးပတ်ကစပြီး သတင်းထွက်လာတဲ့ Moto G Stylus ရဲ့အကြောင်းတွေဟာ အခုအချိန်မှာတော့ အထွဋ်အထိပ်ကို ရောက်လာပြီ ဖြစ်ပါတယ်။ အရင်ဦးဆုံး Render ပုံရိပ်ထွက်ပေါ်ခဲ့ပြီး၊ ဆက်တိုက်ဆိုသလို ပကတိပြင်ပဓါတ်ပုံတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၂၀ ဒုတိယလရဲ့ ဦးဆုံးရက်မှာတော့ Moto G Stylus ရဲ့ အချက်အလက်အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာပါတော့တယ်။ ဒါ့အပြင် Moto G Stylus ရဲ့ အောက်ခြေကိုပြသထားတဲ့ Render လည်း ဒီပေါက်ကြားမှုမှာ တွဲလျက်ပါဝင်လာခဲ့ပါတယ်။

Moto G Stylus ဟာ အချို့ဈေးကွက်မှာတော့ NFC ပါဝင်ပြီး အချို့ဈေးကွက်မှာတော့ ပါဝင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ တူညီတာတစ်ခုက Android 10 မောင်းနှင်ပေးထားမှာပါ။ အဓိက ဈေးကွက်အားဖြင့် လေးပိုင်းခွဲခြားထားပြီး မြောက်အမေရိက၊ လက်တင်အမေရိက၊ တရုတ်နဲ့ အခြားနိုင်ငံတကာဈေးကွက်အချို့လို့ သိရပါတယ်။

သတင်းရင်းမြစ်ကတော့ Moto G Stylus မှာ Stylus ကို သူ့နေရာကနေ ဆွဲထုတ်လိုက်တာနဲ့ Shortcut ဒါမှမဟုတ် App ကို တန်းသုံးလို့ရအောင် ပြုလုပ်ထားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ Stylus ကိုအသုံးပြုနေပေမယ့်လည်း လက်ချောင်းတွေနဲ့ပွတ်ပြီး ဖျက်ရင်လည်းရတယ်လို့ ဆိုပါတယ်။ ရေ:သားထားတဲ့ မှတ်စုတွေမှာလည်း ရက်စွဲကို ရေစာနဲ့ထည့်နိုင်မယ်လို့ သိရပါတယ်။

Moto G Stylus ဟာ 6.36-inch 2300 x 1080 မျက်နှာပြင်ကို တပ်ဆင်ထားပြီး ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ Snapdragon 665 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ သိုလှောင်မှုပမာဏကတော့ 64GB ဒါမှမဟုတ် 128 GB ဖြစ်မယ်လို့ သိရပါတယ်။ တွဲဖက်ထားမယ့် RAM ပမာဏကိုတော့ မသိရသေးပါဘူး။

XDA Developers ရဲ့ ဖော်ပြချက်အရ Single SIM နဲ့ Dual SIM ဆိုပြီး အမျိုးအစားနှစ်မျိုး ခွဲထားမယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ အာရုံခံကိရိယာသုံးခုပဲ ပါရှိတာ ဖြစ်ပါတယ်။ လေးခုမြောက်ဟာ ကင်မရာနဲ့တူပေမယ့် အမှန်တကယ်က Laser Focus System ဖြစ်ပါတယ်။ ဒါကြောင့် ကျောဘက်မှာ ကင်မရာသုံးလုံးပဲ ပါဝင်မှာပါ။

အဓိကကင်မရာဟာ 48MP Samsung S5KGM1 ဖြစ်ပြီး 16MP wide-angle, 2MP macro တို့နဲ့ တွဲဖက်ထားတာ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 25MP ဖြစ်ပါတယ်။ ကျောဘက်မှာ Fingerprint တပ်ဆင်ပေးထားပြီး ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပါတယ်။ FCC ရဲ့ဖော်ပြချက်မှာတော့ 10W အမြန်အားသွင်းစနစ်ပဲ ထောက်ပံ့ပေးထားကြောင်း ဖော်ပြထားပါတယ်။

Moto G Stylus ရဲ့ အောက်ခြေကိုဖော်ပြတဲ့ Render အရ Stylus ကို ဟန်းဆက်ရဲ့ ညာဘက်အောက်ခြေမှာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ သူ့ရဲ့ဘေးမှာတော့ စပီကာပေါက်တွေရှိပြီး အလယ်မှာ တော့ USB Type-C ပေါက်ရှိပါတယ်။ ဘယ်ဘက်မှာတော့ Audio Jack ပေါက် တပ်ဆင်ထားပါတယ်။

Ref: Gizmochina