Motorola Razr 2022 ကို ဒီလ ၁၁ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပေမယ့် အစောဆုံး ဝယ်ယူချင်သူတွေအတွက် တရုတ် စတိုး JD.com က အမှာစာတွေကို လက်ခံနေပါပြီ။ အဲဒီ Foldable စမတ်ဖုန်းရဲ့ ဝက်ဘ်စာမျက်နှာမှာ ဓါတ်ပုံ အနည်းငယ်ကို ပြသထားပြီး Motorola ရဲ့ တိုးတက်လာတဲ့ ဒီဇိုင်းအသစ်ကို လေ့လာနိုင်ပါတယ်။

Moto Razr 2022 မှာ Hinge ဒီဇိုင်း အသစ်ကို အသုံးပြုထားပြီး ပွင့်ဟနေတာ မရှိဘဲ စမတ်ဖုန်းကို လုံးဝ ခေါက်ချိုးထားနိုင်ပါတယ်။ မာကျောကြံ့ခိုင်မှု အပိုင်းမှာ ပိုကောင်းလာစေတဲ့ 6-layer Protective Structure အသစ်ကို မျက်နှာပြင်မှာ အသုံးပြုထားတယ်လို့ ပိုစတာမှာ ဖော်ပြထားပါတယ်။ Moto Razr 2022 အတွက် 8/128GB , 8/256GB နဲ့ 12/512GB RAM/Storage Configuration တွေ ထုတ်လုပ်ထားမယ်လို့ ပိုစတာမှာ အတည်ပြုထားပါတယ်။

စမတ်ဖုန်းရဲ့ အမျိုးမျိုးသော Screen Mode တွေကိုလည်း တွေ့ရပါတယ်။ Screen ရဲ့ ၂ ခြမ်းမှာ App ၂ ခုကို တစ်ပြိုင်နက် အသုံးပြုလို့ရတဲ့ Multi-tasking Mode ပါလာပြီး Surround Mode က Notification တွေကို လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ ဖုန်းကို စားပွဲပေါ်မှာ တင်ပြီး ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ Tripod Mode ကိုလည်း တွေ့ရပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ Moto Razr 2022 ရဲ့ လျှို့ဝှက်အမည်ဟာ Maven ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 13MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ အတွင်းဘက်မှာ Full HD+ Foldable မျက်နှာပြင် ပါလာနိုင်ပြီး အတွင်းနဲ့ အပြင်ဘက် မျက်နှာပြင် အရွယ်အစားတွေကို မသိရသေးပါဘူး။

Ref :  gsmarena