Motorola ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ Low-end ကနေ Mid-range အတွင်း စမတ်ဖုန်းတွေကိုသာ အာရုံစိုက်နေခဲ့ပေမယ့် အခုနှစ်မှာ Premium ဈေးကွက်အား ပြန်လည်ထိုးဖောက်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ယနေ့မှာတော့ အိန္ဒိယဈေးကွက်မှာ ရူပီး ၇၄၉၉၉ (မြန်မာငွေ ၁၄ သိန်းနီးပါး) တန်ဖိုးရှိတဲ့ Edge+ စမတ်ဖုန်းသစ်ကို မိတ်ဆက်လာခဲ့ပါတယ်။ Edge+ ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တဲ့ Moto Z2 အပြီးမှာ ပထမဆုံးပြန်မြင်တွေ့ရတဲ့ Motorola ရဲ့ Flagship စစ်စစ်လို့လည်း သတ်မှတ်နိုင်ပါတယ်။

Motorola Edge+ ဆိုတဲ့ အမည်တိုင်း သူ့မှာ သိသာတဲ့ Curved စတိုင်နဲ့ Display ပါဝင်ပါတယ်။ ကုမ္ပဏီက Display ဟာ 90 ဒီဂရီထိ Curved ဖြစ်တယ်လို့ ဆိုထားပြီး ဘေးဘက်တွေကိုပါ ဖုံးလွှမ်းထားတာကို မြင်ရမှာပါ။ ဒါပေမယ့် ရိုးရိုး Curved Display သက်သက်မဟုတ်ဘဲ ဂိမ်းကစားတဲ့အခါမှာ အဲ့ဒီ Curved Screen နေရာတွေကို လက်ညှိုးခလုတ် Virtual-button အနေနဲ့ အသုံးပြုနိုင်မှာဖြစ်တာကြောင့် ဂိမ်းခလုတ်တစ်ခုကို ကိုင်ဆောင်ရသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရွယ်အစား 6.7” လက်မအရွယ် OLED Display ဟာ 90Hz Refresh Rate ထောက်ပံ့ပေးပြီး Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်ထားပါတယ်။ Screen ရဲ့ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole ဆဲလ်ဖီကင်မရာတစ်ခု ပါဝင်ပါတယ်။

အတွင်းမှာ နောက်ဆုံးပေါ် Snapdragon 865 5G ပရိုဆက်ဆာကို 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 Storage တို့ဖြင့် တွဲဖက်ထားပါတယ်။ လောလောဆယ်တော့ မန်မိုရီအတွဲက ဒီတစ်ခုပဲ ရရှိဦးမှာပါ။

Motorola Edge+ ရဲ့နောက်မှာ 108MP Samsung HMX အဓိကကင်မရာဦးဆောင်တဲ့ Triple-camera အတွဲ ပါရှိပြီး 16MP Ultrawide ကို Macro ယူနစ်အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံး 8MP Sensor ကတော့ 3x Optical Zoom ပါရှိပြီး OIS စနစ်ထည့်သွင်းထားပါတယ်။ ရှေ့ဘက်ဆဲလ်ဖီးကင်မရာက 25MP ပါ။

ဒီဖုန်းမှာ 5,000 mAh ဘက္ထရီကို 18W အားသွင်းစနစ်နဲ့ဖြစ်ပြီး 15W ကြိုးမဲ့အားသွင်းစနစ်လည်း ပါပါသေးတယ်။ အစအဆုံး Flagship Level Specs တွေနဲ့ ဖုန်းမှာ 18W အားသွင်းစနစ်ပဲ ပါတာတော့ အနည်းငယ် မလိုက်ဖက်သလို ခံစားရစေပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 နဲ့ အသုံးပြုရမှာပါ။

Ref – GizmoChina