Motorola Razr 5G ကို တရားဝင် မိတ်ဆက်မယ့် အချိန်ဟာ သိပ်မလိုတော့ပါဘူး။ လာမယ့် ၉ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ၁၀ ရက်နေ့မှာတော့ တရုတ်နိုင်ငံအတွက် မိတ်ဆက်မှာပါ။ ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာကို အောက်မှာ လေ့လာနိုင်ပါတယ်။

Motorola Razr 5G ဟာ ပထမမျိုးဆက် Razr လိုပဲ ဒေါင်လိုက် ခေါက်ချိုး ဒီဇိုင်း ဖြစ်ပြီး အဲဒီ ဒီဇိုင်းက အဲဒီ ဖုန်းရဲ့ အဓိက စွဲဆောင်မှု ဖြစ်ပါတယ်။ Motorola မျှဝေထားတဲ့ Razr 5G ရဲ့  ဓါတ်ပုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ တချို့ထွက်လာခဲ့ပြီး ဖုန်း ဒီဇိုင်းကို သေသေချာချာ လေ့လာလို့ရလာပါတယ်။ Chin ကို ဒီဇိုင်း ဆန်းသစ်ထားပေမယ့် ကျန် ဒီဇိုင်းတွေက မူလမော်ဒယ်နဲ့ ခွဲမရအောင် တူနေပါတယ်။ အဓိက တိုးတက်ပြောင်းလဲမှုက 5G ပါလာတာပါ။

ပေါက်ကြားသတင်းတွေအရ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး မူလ မျိုးဆက်ထက် RAM နဲ့ Storage တွေ ပိုပါလာမှာပါ။ မူလမျိုးဆက်ရဲ့ 6/128GB ထက်ပိုများတဲ့ 8/256GB ထွက်လာမှာပါ။ ဘက်ထရီကလည်း ပိုကြီးလာမှာ ဖြစ်ပြီး ပိုမြန်တဲ့ 18W Charging ထောက်ပံ့ထားမှာပါ။

အရှေ့နဲ့ အနောက်ကင်မရာတွေကိုလည်း ဆန်းသစ်ထားမှာ ဖြစ်ပြီး 48MP Main နဲ့ 20MP ဆဲလ်ဖီး ကင်မရာတွေ ထည့်ထားမှာပါ။ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ 5G ဖုန်းရဲ့ ဈေးနှုန်းက စိတ်ဝင်စားစရာကောင်းမှာပါ။

Ref : gsmarena