တရုတ်နိုင်ငံက အသက် ၂၈ နှစ်အရွယ် မစ္စတာကျန်း (Zhang) ဆိုသူဟာ ကိုယ်တစ်ပိုင်းသေနေတာ ကြာပြီဖြစ်ပေမယ့် အခုအခါမှာတော့ ကြိုးမဲ့ Brain-Computer Interface (BCI) နည်းပညာကို အသုံးပြုပြီး သူ့ရဲ့ စိတ်အာရုံနဲ့တင် စက်ပစ္စည်းတွေ၊ စမတ်ဝှီးချဲနဲ့ စက်ရုပ်ခွေးကိုပါ ထိန်းချုပ်နိုင်နေပါပြီ။

သူဟာ ၂၀၂၂ ခုနှစ်တုန်းက ပြုတ်ကျပြီး ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် လည်ပင်းအောက်ပိုင်းတစ်ခုလုံး မလှုပ်ရှားနိုင်တော့တာ ဖြစ်ပါတယ်။ သမားရိုးကျ ကုထုံးတွေနဲ့ တစ်နှစ်ကျော်ကြာ ကုသခဲ့ပေမယ့် သိပ်မထူးခြားခဲ့ပါဘူး။ အဲဒီနောက်မှာတော့ တရုတ်သိပ္ပံအကယ်ဒမီက ဦးဆောင်တဲ့ စမ်းသပ်မှုတစ်ခုမှာ ပါဝင်ခဲ့တာပါ။

ရှန်ဟိုင်းမြို့ Huashan ဆေးရုံက ခွဲစိတ်ဆရာဝန်တွေက သူ့ဦးနှောက်ထဲကို ကြိုးမဲ့ BCI စနစ် ထည့်သွင်းပေးခဲ့ကြပါတယ်။ ဦးနှောက်ထဲမှာ လျှပ်ခေါင်း (electrodes) အသေးစားလေးတွေ တပ်ဆင်ထားပြီး အထူးပြုလုပ်ထားတဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခုကနေ စွမ်းအင်ပေးပြီး ဖတ်ရှုတာ ဖြစ်ပါတယ်။
ခွဲစိတ်ပြီး ၅ ရက်အကြာမှာတင် ကျန်းဟာ သူ့စိတ်နဲ့ ပစ္စည်းတွေကို စပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ကွန်ပျူတာ cursor ကို ရွှေ့တာ၊ အင်တာနက်သုံးတာတွေ လုပ်နိုင်လာပါတယ်။ ၆ ပတ်လောက် ကြာတဲ့အခါမှာတော့ ဝှီးချဲမောင်းတာ၊ အိမ်သုံးစမတ်ပစ္စည်းတွေကို ခိုင်းစေတာနဲ့ စက်ရုပ်ခွေးကို ထိန်းချုပ်တာတွေပါ လုပ်ဆောင်လာနိုင်ပါတယ်။
လက်ရှိမှာတော့ ကျန်းဟာ ဦးနှောက်နဲ့ ထိန်းချုပ်တဲ့ cursor ကိုသုံးပြီး အွန်လိုင်းကနေ အလုပ်လုပ်ကာ ဝင်ငွေတောင် ရနေပါပြီ။ ဒါဟာ BCI စမ်းသပ်မှုသမိုင်းမှာ ဒီနည်းပညာသုံးပြီး ပိုက်ဆံရှာနိုင်တဲ့ ပထမဆုံးလူအဖြစ် မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။
သူ့ရဲ့ စက်ရုပ်ခွေးက ပစ္စည်းတွေ သွားယူပေးနိုင်သလို စမတ်ဝှီးချဲနဲ့လည်း အပြင်ထွက် သွားလာနိုင်ပါတယ်။ လေ့ကျင့်မှုတွေ များလာတာနဲ့အမျှ အခုဆိုရင် ပစ္စည်းတွေကို ထိန်းချုပ်ရတာဟာ သူ့အတွက် သဘာဝကျကျ ဖြစ်လာနေပါပြီ။
ဒီစီမံကိန်းကို CEBSIT ဌာနက ကြေညာခဲ့တာဖြစ်ပြီး ဒီအောင်မြင်မှုနောက်မှာ လုပ်ဆောင်ချက်တွေ ပိုစုံလင်မယ့် WRS02 ဆိုတဲ့ စနစ်သစ်ကို ထပ်ထုတ်ဖို့ ရှိနေပါတယ်။ အနာဂတ်မှာ ဦးနှောက်လှိုင်းတွေကနေ စကားပြောနိုင်တဲ့အထိ ဖန်တီးဖို့ ရည်မှန်းထားကြပါတယ်။ ဒါကိုကြည့်ရင် ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်တဲ့ နည်းပညာပိုင်းမှာ တရုတ်နိုင်ငံရဲ့ တိုးတက်မှုအရှိန်အဟုန်ဟာ နာမည်ကြီး Neuralink စမ်းသပ်မှုတွေထက်တောင် ရှေ့ရောက်နေပြီလို့ ဆိုရမှာပါ။
Ref : Technology Innovation