စမတ်ဖုန်းလောကထဲမှာ အကြီးမားဆုံး Trade Show တစ်ခုဖြစ်တဲ့ Mobile World Congress (MWC) Event ဟာ ယခုနှစ်မှာလည်း ပုံမှန်အတိုင်း လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိတရုတ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ် လို့လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) အန္တရာယ်ကြောင့် LG ၊ Nokia ၊ Vivo ၊ Intel နဲ့ တခြားကုမ္ပဏီအများအပြားက ပါဝင်ဖို့ကို အသီးသီးဖျက်သိမ်းနေပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် MWC Event ကို ပြုလုပ်တဲ့ GSM Association (GSMA) ကနေ နောက်ဆုံးမှာတော့ ယခုနှစ်အတွက် MWC Event ကို ပြုလုပ်မှာမဟုတ်တော့ဘူးဆိုပြီး တရားဝင်ကြေညာလိုက်ပါပြီ။

GSMA ရဲ့ ကြေညာချက်အရတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပေါ်ကို တကမ္ဘာလုံးက စိုးရိမ်မှုတွေမြင့်မားနေကြသလို ခရီးသွားလာမှုတွေနဲ့ အခြားသော အခြေအနေတွေကြောင့် MWC Event ကို ဆက်လက်ပြုလုပ်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဝူဟန်ဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူ အယောက် ၄၅,၀၀၀ ကျော်ရှိနေပြီဖြစ်သလို သေဆုံးသူလည်း ၁,၁၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကူးစက်ခံရတဲ့နိုင်ငံတွေကလည်း ၂၅ နိုင်ငံရှိနေတဲ့အတွက် MWC လိုမျိုး တကမ္ဘာလုံးက ပါဝင်မယ့် Event တစ်ခုအနေနဲ့ ကူးစက်နိုင်ခြေမြင့်မားနေတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

ဘာပဲဖြစ်ဖြစ် MWC ဟာ ပုံမှန်အနေနဲ့ Mobile Industry ထဲမှာရှိနေတဲ့ ကုမ္ပဏီပေါင်း ၁,၂၀၀ ကျော်က ပါဝင်ဆင်နွဲတဲ့ အကြီးဆုံး Mobile Event တစ်ခုဖြစ်သလို ဝင်ငွေ ယူရိုငွေ သန်း ၅၀၀ ဝန်းကျင်အထိရှိပြီး အချိန်ပိုင်းအလုပ်အကိုင် ၁၄,၁၀၀ ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်တဲ့ Event တစ်ခုဖြစ်တဲ့အတွက် ဒီနှစ်မှာ ဖျက်သိမ်းလိုက်တာက တကယ်ကို သတင်းဆိုးတစ်ခုလို့ ပြောရမှာပါ။

Ref – The Verge