iPad တွေရဲ့ အောင်မြင်မှုဟာ Android တက်ဘလက်ဈေးကွက်ဝေစုကို တဖြည်းဖြည်းဆုံးရှုံးစေလာတယ်ဆိုပေမယ့် Huawei ကတော့ ပြိုင်ဘက်သစ်အတွက် နေရာတစ်နေရာ ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။ သတင်းသစ်တစ်အခုအရ Huawei ဟာ တက်ဘလက်သစ်တစ်ခုကို မိတ်ဆက်ဖို့အတွက်လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။

Huawei ရဲ့ တက်ဘလက်သစ်ဟာ Apple iPad Pro နဲ့ Samsung Galaxy Tab S7+ တို့ကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ Huawei MatePad ဟာ 12.9-inch မျက်နှာပြင်၊ 120Hz refresh rate တို့နဲ့ ထွက်လာမယ်လို့ Leakster က အခိုင်အမာဆိုနေပါတယ်။

တက်ဘလက်ရဲ့ တည်ဆောက်ထားပုံဟာ အလွန်ပါးလျတဲ့ Bezel တွေနဲ့ဖြစ်သလို၊ Punch-hole ကင်မရာလည်း မပါဝင်ဘူးလို့ ဆိုတာကြောင့် Under-Display ကင်မရာ အမျိုးအစားအဖြစ်၊ ဈေးကွက်ကို ဦးဆောင်လာမလားလို့ တွေးချင်စရာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ Under-display ကင်မရာကို တက်ဘလက်မှာ စပြီးသုံးလာမယ်ဆိုရင်တော့ အနည်းငယ်အံ့အားသင့်ရမှာပါ။

အသုံးပြုထားမယ့် SoC ကတော့ Kirin 9000 silicon ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အခြားအချက်က MatePad အသစ်မှာ Huawei ရဲ့ “PadOS”  မောင်းနှင်လာနိုင်တယ်ဆိုတာပါပဲ။ ဒီ OS ဟာ Huawei ရဲ့ ကိုယ်ပိုင် HarmonyOS ကို အခြေခံထားတယ်လို့ ဆိုနိုင်ပါတယ်။ Huawei MatePad ကို ကုမ္ပဏီရဲ့ P50 စီးရီးနဲ့အတူ ကြေညာလာမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena