COVID-19 ကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို ခံစားရတဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ Realme လည်း ပါဝင်တယ်လို့ ဆိုရမှာပါ။ ကုမ္ပဏီက မိတ်ဆက်ဖို့ ပြုလုပ်ထားတဲ့ အစီအစဉ်တွေအတော်များများ ထိခိုက်ခဲ့ပြီး ထင်သာမြင်သာအရှိဆုံးက အိန္ဒိယဈေးကွက်မှာ စီစဉ်ထားတဲ့ Narzo 10 စီးရီးတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Realme ရဲ့ ထုတ်ကုန်သစ်တွေနဲ့ပတ်သက်တဲ့ တိုးတက်မှုဖြစ်စဉ်တွေကတော့ လည်ပတ်နေတုန်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက X3 SuperZoom လိုမျိုး Realme 3X device တွေရဲ့ သတင်းတွေကို အတော်အတန်ကြားသိခဲ့ရပါတယ်။ အချို့ကလည်း Geekbench မှာပါ မြင်တွေ့ခဲ့ရတာပါ။

အခုတော့ 3C နဲ့ MIIT တွေမှာ Realme ရဲ့ ထုတ်ကုန်သစ်နဲ့ပတ်သက်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးလာတာကို တွေ့မြင်ရပြန်ပါပြီ။ RMX2142 မော်ဒယ်နံပါတ်နဲ့ ဟန်းဆက်သစ်တွေဟာ ဘယ်ဈေးကွက်အတွက်လဲဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် RMX2086 မော်ဒယ်နံပါတ် X3 SuperZoom နဲ့ အတော်လေး နီးစပ်နေတယ်လို့တော့ ဆိုနိုင်ပါတယ်။

အခြားတစ်ဘက်ကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်တော့ RMX2142 ဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး 30W (5V@6A) အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားတာကို တွေ့ရပါတယ်။ Realme X3 SuperZoom ကို Geekbench မှာတွေ့ရတုန်းက Snapdragon 855+ chipset နဲ့ ဖြစ်ပါတယ်။

Realme X3 Vanilla ကတော့ အနည်းငယ်အဆင့်နိမ့်တဲ့ ဗားရှင်းဖြစ်နိုင်ပါတယ်။ Zoom Features နဲ့ အခြားစွမ်းဆောင်ရည်တွေမှာ ကွာခြားမှုရှိနိုင်ပြီး၊ လက်ရှိအချိန်မှာ ကျော်ကြားနေတဲ့ Snapdragon 765G chipset ဒါမှမဟုတ် MediaTek Dimesity ကိုပဲ အသုံးပြုလာဖွယ်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Realme X3 မိသားစုကို သိပ်မကြာခင် မိတ်ဆက်တော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena