BlackBerry ဟာ စမတ်ဖုန်း လောကမှာ ရုန်းကန်နေရပေမယ့် OnwardMobility , FIH Mobile တို့နဲ့ ပူးပေါင်းကာ နောက်နှစ်မှာ စမတ်ဖုန်း အသစ်တွေကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ Hardware Keyboard နဲ့ 5G ပါတဲ့ မော်ဒယ် ၁ လုံး ပါလာမှာပါ။ BlackBerry CEO John Chen က “ လုံခြုံရေးကို အသားပေးထားမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ စီးပွားရေး လုပ်ငန်း အဆင့် လုံခြုံရေးကို ခံစားနိုင်မှာ ဖြစ်သလို Productivity အပိုင်းမှာ အရမ်း အားကောင်းမှာပါ။ “ လို့ ပြောပါတယ်။

Gold Associates ရဲ့ ဥက္ကဌ ဖြစ်သူ Jack Gold က “ 5G ဆက်သွယ်မှုဟာ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိလာပါပြီ။ အဲဒီအတွက် မိုဘိုင်း ကိရိယာတွေကို အဆင့်မြှင့်ဖို့ လိုအပ်လာပြီး Productivity တိုးတက်စေတဲ့ App တွေကို အသုံးပြုလာနိုင်ပါပြီ။ BlackBerry ရဲ့ ဖုန်းတွေက လုံခြုံရေး အားကောင်းပြီး စီပွားရေး လုပ်ငန်း သုံးဖို့ အရမ်း ကောင်းပါတယ်။ “ လို့ ပြောပါတယ်။

Keyboard ပါတဲ့ BlackBerry 5G ဖုန်းကို မြောက်အမေရိကနဲ့ ဥရောပမှာ ရောင်းချမှာ ဖြစ်ပြီး Android OS ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ OnwardMobility ဟာ လက်ရှိမှာ အမေရိကန်မှာ အခြေစိုက်ထားတာ ဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက လုံခြုံရေး အသားပေး မိုဘိုင်း ဆော့ဖ်ဝဲတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။ လက်ရှိ CEO Peter Franklin ဟာ အရင်က Microsoft (Azure) နဲ့ Zynga (Farmville) တို့ကို ဖန်တီးခဲ့ဖူးပြီး စမတ်ဖုန်း လောကမှာ အတွေ့အကြုံများစွာ ရှိပါတယ်။

Ref : gsmarena