Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Pixel Buds တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ Pixel Buds တွေမှာ အဓိကအားနည်းချက်လို့ပြောရမယ့် ကန့်သတ်ချက်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ အားသွင်းတာကို ကေဘယ်လ်ကြိုးနဲ့ပဲ သွင်းလို့ရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ Google ရဲ့ Pixel Buds new edition မှာတော့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖို့ မျှော်လင့်နေကြတာပါ။ မျှော်လင့်ထားတဲ့အတိုင်း Google Pixel Buds အသစ်တွေဟာ Wireless Charging consortium မှာ ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ဝမ် NCC မှာလည်း ဒုတိယမြောက် Certification ပေါ်ပေါက်လာတာကို တွေ့မြင်ရပါတယ်။

လက်ရှိအခြေအနေအရဆိုရင်တော့ Google Pixel Buds new edition တွေကို တရားဝင်မိတ်ဆက်တော့မယ့်အချိန်က နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။ NCC certification ကလည်း Pixel Buds တွေနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ သတင်းအချက်အလက်ကို မဖော်ပြပါဘူး။ G1013 ကတော့ charger case အတွက် ကုဒ်နံပါတ်ဖြစ်ပြီး၊ G1007 နဲ့ G1008 တို့ကတော့ နားကြပ်တွေရဲ့ ဘယ်၊ ညာ တစ်စုံစီအတွက် ကုဒ်နံပါတ်ဖြစ်ပါတယ်။

မျှော်မှန်းထားတဲ့ အားသွင်းမြန်နှုန်းကတော့ 5W လောက်ပါပဲ။ ဒီပမာဏက စမတ်ဖုန်းတွေအတွက် နိမ့်နေပြီဆိုပေမယ့် ဘက်ထရီ သေးငယ်တဲ့ Earbuds တွေအတွက်တော့ လုံလောက်နေပါပြီ။ ဒီ Google Pixel Buds new edition တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ ရုပ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာဖို့ အချိန်အများကြီး မစောင့်ရတော့ဘူးလို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena