I/O conference keynote opening မှာ Google Buds Pro အသစ်နဲ့ Pixel Watch အသစ်တွေအကြောင်းကို အဓိကထားပြီးပြောဆိုသွားပေမဲ့လည်း Google Pixel Tablet ကိုလည်း အစဆွဲထုတ်ပြသွားပါသေးတယ်။ Google အနေနဲ့ Pixel Tablet ကို အစောတလျင်တော့ မိတ်ဆက်လာဦးမှာ မဟုတ်သေးပါဘူး။

Google ဟာ သူတို့ရဲ့ ကုမ္ပဏီတွင်းတည်ဆောက်ထားတဲ့ Tensor (system-on-chip processor) နဲ့အတူ Pixel slate လုပ်ငန်းကို ပြန်လည်ပြီး လည်ပတ်တော့မယ်လို့ ယုံကြည်ရပါတယ်။ Pixel tablet ကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပေမဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာတော့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာပါ ပျောက်ကွယ်သွားပြီး ထုတ်ကုန်လိုင်းလည်း အဆုံးသတ်သွားပြီလို့ သတင်းထွက်ပေါ်ခဲ့တာပါ။

Google ဟာ Pixel 7 နဲ့ Pixel 7 Pro အတွက် Tensor 2 processor အသုံးပြုလာမယ်လို့ ပြောဆိုခဲ့သလို Tensor chipset အနေနဲ့လည်း သူ့ရဲ့ တတိယမြောက်အလှည့်အပြောင်းကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ AI နဲ့ neural network algorithms တွေလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ Google ကတော့ အသုံးပြုသူတွေအတွက် “အထောက်အကူအပြုဆုံးတက်ဘလက်” ဖြစ်လာလိမ့်မယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

အခုအချိန်အထိ သိရှိရသမျှမှာတော့ Google Pixel Tablet သစ်ရဲ့ ဒီဇိုင်းပိုင်းဟာ ရိုးရိုးရှင်းရှင်းပုံစံပဲ ဖြစ်ပါတယ်။ Bezels တွေလည်း မျှော်လင့်နေကြသလောက် ပါးသွားဖွယ်မရှိသေးပါဘူး။ ဒါပေမဲ့ ကိုင်တွယ်သူအတွက် ချောမွေ့တဲ့ထိတွေ့မှုကိုခံစားရစေမဲ့ ဒီဇိုင်းနဲ့တည်ဆောက်မှုလို့တော့ ယူဆရပါတယ်။ Google ဟာ Pixel 6a ကို လာမဲ့ဇူလိုင်လ ၂၁ ရက်နေ့မှာ မိတ်ဆက်ဖို့လုပ်ဆောင်နေတာကြောင့် အခြားအကြောင်းအရာတွေကို အရှိန်လျှော့ထားပုံရပါတယ်။

Ref: Phone Arena