ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ပေါက်ကြားသတင်းအရ OnePlus 9 စီးရီးမှာ မော်ဒယ်သုံးမျိုးရှိမယ်လို့ သိခဲ့ရပါတယ်။ ဒီစီးရီးမှာ OnePlus 9 နဲ့ OnePlus 9 Pro တို့အပြင်၊ OnePlus 9E လည်း အတူတစ်ကွ ကြေညာလာမယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ ပေါက်ကြားသတင်းကတော့ တတိယမော်ဒယ်ဟာ မတူညီတဲ့အမည်အဖြစ် OnePlus 9 Lite နဲ့ထွက်လာမှာဖြစ်ပြီး၊ Chipset ပိုင်းမှာလည်း ကွဲပြားလိမ့်မယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်ဟာ Android Central ဖြစ်ပြီး၊ လာမယ့် OnePlus ဟန်းဆက်သုံးမျိုးနဲ့ပတ်သက်တဲ့သတင်းကို အတွင်းလူတစ်ဦးက ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တတိယမော်ဒယ်ဟာ OnePlus ရဲ့ ရွှေ့ပြောင်းမှုအသစ်တစ်ခုလို့ ဆိုရပါလိမ့်မယ်။ တတိယမော်ဒယ်ဟာ OnePlus 9 Lite အနေနဲ့ ဖြန့်ချိမှာဖြစ်ပြီး OnePlus 9 နဲ့ OnePlus 9 Pro တို့လိုမျိုး Snapdragon 888 အသုံးပြုလာမှာမဟုတ်ဘဲ Snapdragon 865 processor ပဲ အသုံးပြုလာမယ်လို့ ဆိုပါတယ်။

SoC ကိုကြည့်ခြင်းအားဖြင့် OnePlus 9 Lite ဟာ OnePlus 9 စီးရီးထဲမှာ အနိမ့်ဆုံးအမျိုးအစားဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ ဈေးနှုန်းချိုသာတဲ့ OnePlus 9 ကို ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့သတင်းဟာ နားဝင်ချိုနေချိန်မှာပဲ၊ ကုမ္ပဏီအနေနဲ့ ပိုပြီးဈေးချိုတဲ့ OnePlus 9 Lite ကိုလည်း ဖြန့်ချိလာမှာ ဖြစ်ပါတယ်။

ကနဦးသတင်းတွေမှာဖော်ပြခဲ့တဲ့ “OnePlus 9E” ဆိုတဲ့နာမည်ဟာ အမှန်တကယ်ပဲ “OnePlus 9 Lite” အဖြစ် ပြောင်းလဲသွားမလားဆိုတာလည်း အတည်ပြုလို့မရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Android စမတ်ဖုန်းဈေးကွက်မှာ ကုမ္ပဏီတွေအနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကို လက်တွေ့အကောင်အထည်ဖော်နေကြတာတော့ အမှန်ပဲဖြစ်ပါတယ်။

Ref: Gizmochina