Vivo Y51 ဆိုတဲ့နာမည်ဟာ အသစ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက Vivo Y51 ဆိုတဲ့နာမည်နဲ့ ဟန်းဆက်တစ်ခုကို ဖြန့်ချိခဲ့ပြီးပါပြီ။ အဲဒီတုန်းကတော့ Y51 ဟာ Snapdragon 410 SoC, 5-inch display, 8MP အဓိကင်မရာ၊ 2,350mAh ဘက်ထရီတို့နဲ့ ဖြစ်ပါတယ်။

အခု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလထဲမှာလည်း Vivo Y51 နာမည်နဲ့ ဟန်းဆက်သစ်တစ်ခုကို မိတ်ဆက်လာပြန်ပါတယ်။ Y51 အသစ်ကတော့ Snapdragon 665 SoC, 4GB of RAM, 128GB Storage တွေနဲ့ တွေ့မြင်ရတာပါ။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာရေစီးကြောင်းထဲက ငါးနှစ်နီးပါးကြာတဲ့အခါ မြင်တွေ့ရတဲ့ ကွာဟမှုကြီးလို့ ဆိုနိုင်ပါတယ်။

Vivo Y51 ဟာ 6.38-inch Full HD+ Ace AMOLED display နဲ့ဖြစ်ပြီး Teardrop notch အပြင် Under-display fingerprint reader လည်း တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ Notch ထဲမှာတော့ 16MP selfie ကင်မရာပါဝင်ပါတယ်။ ကျောဘက်မှာ Diamond-shape ကင်မရာအိမ်ဖွဲ့စည်းပုံနဲ့အတူ 48MP အဓိကကင်မရာ၊ 8MP ultrawide, 2MP macro နဲ့ 2MP depth sensor တို့ကို တပ်ဆင်ပေးထားပါတယ်။

ကင်မရာအိမ်ရဲ့ အောက်မှာတော့ LED ဖလက်ရှ် ရှိပြီး “Camera & Music” ဆိုတဲ့စာသားကိုလည်း အထက်နဲ့အောက် ထောင်လိုက်ရေးထိုးထားပါတယ်။ Y51 အသစ်မှာတော့ 4,500mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး USB-C port ကတစ်ဆင့် 18W နှုန်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ Vivo Y51 ဟာ နာမည်အဟောင်းဖြစ်သလို၊ စမတ်ဖုန်းအသစ်လည်း မဟုတ်ပါဘူး။ ဒီဟန်းဆက်ဟာ လွန်ခဲ့တဲ့လအနည်းငယ်က ကြေညာခဲ့တဲ့ X50 Lite ကို နာမည်ပြောင်းထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် S1 Pro ရဲ့ဒီဇိုင်းကို အနည်းငယ်အပြောင်းအလဲလုပ်ထားတာလို့လည်း စွပ်စွဲနိုင်ပါတယ်။

Vivo Y51 အသစ်ကို Mystic Black, Jazzy Blue နဲ့ Dreamy White စတဲ့ အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $220 (၂ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ လက်ရှိရောင်းချနေတဲ့ဈေးကွက်ကတော့ ပါကစ္စတန်ဖြစ်ပါတယ်။

Ref: GSM Arena