ပြီးခဲ့တဲ့ Galaxy Z Flip ကတော့ ဈေးကွက်တိုင်းလိုလိုမှာ ရောင်းအားကောင်းပြီး အောင်မြင်နေတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် Galaxy Z Flip လည်းပဲ ခြောက်ပြစ်ကင်းတဲ့ Foldable Device တစ်ခုမဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် ကင်မရာပိုင်းမှာ အတော်လေးကောင်းမွန်ခဲ့တယ်ဆိုပေမယ့် iPhone XS လောက်မကောင်းဘူးလို့ နှိုင်းယှဉ်ခံခဲ့ရတာပါ။

ဒါပေမယ့် နောက်ထပ်အသစ်ထွက်မယ့် Galaxy Z Flip မှာတော့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာအလုံးရေအတွက်လည်း ပိုလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ အကြောင်းက WIPO မှာတင်ထားတဲ့ ဒီဇိုင်းမူပိုင်ခွင့် ရုပ်ပုံကြောင့်ပါပဲ။

ကမ္ဘာ့ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ တင်ထားတဲ့ရုပ်ပုံအရ မျိုးဆက်သစ် Galaxy Z Flip ဟာ ကျောဘက်ကင်မရာ သုံးလုံးအထိ ပါဝင်လာဖွယ်ရှိနေတာပါ။ မော်ဒယ် A မှာတော့ ကင်မရာသုံးလုံးကို ရေပြင်ညီအတိုင်း နေရာချထားပြီး၊ မော်ဒယ် B မှာတော့ ထောင်လိုက် အနေအထားနဲ့ နေရာချထားတာ ဖြစ်ပါတယ်။

မော်ဒယ် A အတိုင်းဆိုရင်တော့ Notification တွေအတွက် အသုံးပြုတဲ့ ဒုတိယမျက်နှာပြင်အသေးဟာ နေရာသိပ်မရတဲ့အတွက် ပိုပြီးကျဉ်းမြောင်းသွားတာကို တွေ့ရပြီး၊ မော်ဒယ် B မှာတော့ ကင်မရာတွေကို ထောင်လိုက်တပ်ဆင်လိုက်တာကြောင့် Mini OLED မျက်နှာပြင်ဟာ နေရာကျယ်ကျယ်ရပြီး အနည်းငယ်ကြီးမားတဲ့ ပုံစံကို တွေ့မြင်ရပါတယ်။

အခုထွက်ပေါ်လာတာက မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းပုံသာဖြစ်တဲ့အတွက် တောင်ကိုရီးယားကုမ္ပဏီကြီးရဲ့ စိတ်ကူးစိတ်သန်းအချို့ကိုပဲ ဖော်ပြနိုင်ပြီး အခြားအကြောင်းအရာတွေကို ဖော်ပြနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် မျိုးဆက်သစ် Galaxy Z Flip အကြောင်း အသေးစိတ်သိရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena