Google ကနေ ယခုအချိန်မှာ Android 11 Stable Update ကို Pixel စမတ်ဖုန်းတွေအတွက် Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့တခြားသော Android စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Android 11 ကို အခြေခံထားတဲ့ Software Update တွေကို အသီးသီးထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။

အခုလည်း OPPO ကနေ Android 11 ကို အခြေခံလာမယ့် UI အသစ်ရဲ့ နာမည်နဲ့ မိတ်ဆက်သွားမယ့်အချိန်ကို တရားဝင်ပြောကြားလိုက်ပါပြီ။ ဒါကိုတော့ ColorOS 11 လို့ ခေါ်ဆိုထားတာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

OPPO ဟာ လက်ရှိအချိန်မှာ ColorOS 7 ပဲရှိနေသေးတာဖြစ်ပြီး အခုလိုမျိုး ColorOS 11 အထိကို ပြောင်းလဲလိုက်တာက Android 11 နဲ့ ဆင်တူဖို့အတွက်ဖြစ်မယ်လို့ ယူဆရပါတယ်။ OnePlus အနေနဲ့လည်း OxygenOS 11 ဆိုပြီး ခေါ်ဆိုမှာဖြစ်သလို Huawei ကလည်း EMUI 11 ဆိုပြီး ခေါ်ဆိုလာမှာဖြစ်တဲ့အတွက် Android 11 ကို အခြေခံထားတဲ့ Update ဆိုတာက ပိုပြီးသိသာစေမှာဖြစ်ပါတယ်။

လောလောဆယ်မှာ OPPO ကနေ Android 11 ကို အခြေခံထားတဲ့ ColorOS Beta Version ကိုတော့ OPPO Find X2 Series နဲ့ Reno Series ဖုန်းတွေထဲမှာ ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ColorOS 11 Final Version မှာ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် OPPO ရဲ့ ColorOS 11 Update ဟာ Android 11 ရဲ့ Feature အသစ်တွေအပြင် တခြားသော UI နဲ့ Feature အသစ်တွေပါဝင်လာမှာတော့ ကျိန်းသေနေပါပြီ။

Ref – GSM Arena