NFTs or Non-fungible Token တွေဟာ ဒီနှစ်ထဲမှာ ဒေါ်လာ ၂၃ ဘီလီယမ်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရင်နှစ်မှာတော့ ဒေါ်လာ သန်း ၁၀၀ ဖိုးပဲ NFTs တွေ အရောင်းအဝယ် ဖြစ်ခဲ့တဲ့အတွက် ဒီနှစ်ထဲမှာ တော်တော်တိုးတက်လာတာပါ။
Blockchain လေ့လာဆန်းစစ်တဲ့ ပလက်ဖောင်း ဖြစ်တဲ့ DappRadar က ဒီဒေတာတွေကို စစ်တမ်းပြုစုထားတာ ဖြစ်ပြီး Blockchain Addresses အရေအတွက် သတင်းအချက်အလက်တွေကိုပါ ဖော်ပြထားပါတယ်။ Blockchain Addresses အရေအတွက်ဟာ ဒီနှစ် အစောပိုင်းမှာ ၅,၀၀၀ ရှိရာကနေ နှစ်ကုန်ပိုင်းမှာ ၁၄၀,၀၀၀ လောက်ရှိလာပါတယ်။ DappRadar က Decentralized Application ထောက်ပံ့တဲ့ Blockchain ၃၀ ကျော်ကို လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
NFTs ဟာ Blockchain မှာ သိမ်းဆည်းထားတဲ့ ဒစ်ဂျစ်တယ် အနုပညာ လက်ရာတွေ ဖြစ်ပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် ဓါတ်ပုံတွေကို လေလံတင် ရောင်းချလေ့ရှိပြီး Cryptocurrency နဲ့ ဝယ်ယူနိုင်ကာ Decentralized Wallet မှာ သိမ်းထားနိုင်ပါတယ်။ ပိုင်ဆိုင်သူကို သက်သေခံပေးထားတဲ့အတွက် အနုပညာရှင်နဲ့ ရင်းနှီးမြှပ်နှံသူတွေအတွက် ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေဟာ နာမည်ကြီးလာပါတယ်။
NFTs တွေ တည်ရှိခဲ့တာ နှစ်အနည်းငယ်ရှိနေပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်းကမှ ရေပန်းစားလာတာ ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တွေ၊ အားကစားသမားတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေဟာ ကိုယ်ပိုင် NFTs တွေကို ရောင်းချလာကြပြီ ဖြစ်ပါတယ်။
နာမည်ကြီး လေလံအဖွဲ့အစည်းတွေဟာ NFTs တွေကို ရောင်းချလာကြပြီ ဖြစ်တဲ့အတွက် အနုပညာ ကမ္ဘာမှာ ရေပန်းစားလာကြပါတယ်။ ဒီနှစ် အစောပိုင်းမှာ Christie ဟာ NFTs ၁ ခုကို ဒေါ်လာ ၆၉ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအကြီးဆုံး NFTs ဖြစ်လာပါတယ်။
Ref : financemagnates