Nintendo Switch ဂိမ်းစက်ဟာ ဂျပန်အခြေစိုက် ဂိမ်းကုမ္ပဏီရဲ့ သမိုင်းတလျှောက်မှာ ရောင်းအားအကောင်းဆုံး နေရာကို ဆက်တိုက် တက်နေပြီး အခုချိန်မှာ Family ဂိမ်းစက်လို့ လူသိများခဲ့ကြတဲ့ Nintendo Entertainment System (NES) ရဲ့ စုစုပေါင်း ရောင်းအားကိုပါ ကျော်တက်သွားခဲ့ပါပြီ။

၂၀၂၀ ဇွန်လကုန်မှာ Nintendo က Switch ဂိမ်းစက် ၆၁.၄၄ သန်း ရောင်းချခဲ့ပြီး ဖြစ်ကြောင်း အစီရင်ခံခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လမှာ စတင်ရောင်းချခဲ့တဲ့ Nintendo Switch ဟာ ထိုအချိန်မှာတည်းက NES ရဲ့ ၆၁.၉၁ သန်း စံချိန်ကို မီဖို့ သိန်းဂဏန်းလောက်ပဲ လိုခဲ့တာပါ။ NES ဟာ Nintendo ကို နိုင်ငံတကာမှာ အကြီးအကျယ် အောင်မြင်စေခဲ့တဲ့ ဂိမ်းစက်ဖြစ်ပြီး ကုမ္ပဏီရဲ့ ထာဝရ ရောင်းအား အကောင်းဆုံး ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ ဂျပန်အခြေစိုက် ဗီဒီယိုဂိမ်း မဂ္ဂဇင်း Famitsu ကနေ ယူဆောင်လာခဲ့တာဖြစ်ပြီး Switch ရဲ့ ခန့်မှန်းရောင်းအားဟာ ၆၂ သန်း ကျော်သွားခဲ့ပြီလို့ ဆိုထားတာပါ။ Famitsu ရဲ့ အစီရင်ခံစာဟာ ဂျပန်ပြည်တွင်းက ကိန်းဂဏန်း တွေကိုသာ ထပ်ပေါင်းထည့်ထားမှာ ဖြစ်လို့ နိုင်ငံတကာစျေးကွက်က ရောင်းအားနဲ့ပေါင်းရင် ဒီထက်တောင် များနိုင်ပါသေးတယ်။ ဇူလိုင်လအတွင်း အမေရိကန်နိုင်ငံရဲ့ ဗီဒီယိုဂိမ်းစက် စျေးကွက်မှာလည်း Switch ကပဲ ပထမနေရာက ဦးဆောင်နေခဲ့တယ်လို့ အစီရင်ခံစာတွေကဆိုထားပါတယ်။

Switch ဟာ ထွက်ရှိပြီး သုံးနှစ်ကျော်လောက်မှာ ဒီစံချိန်ထိ ရောက်ရှိလာတာမို့ အတော်လေး မြန်ဆန်တဲ့ ရောင်းအားလို့ ဆိုနိုင်ပါတယ်။ လက်ရှိ Nintendo ရဲ့ နံပါတ်တစ် ရောင်းအား အကောင်းဆုံး Home Console ဂိမ်းစက်ဖြစ်တဲ့ Wii ရဲ့ ၁၀၁.၆၄ သန်း စံချိန်ကို မီဖို့တော့ အတော်လေး လိုသေးပေမယ့် လိုက်မီကောင်း မီနိုင်တဲ့ အရှိန်လို့ ဆိုရမှာပါ။

COVID-19 ကပ်ဆိုးကြောင့် လူတွေအားလုံး အိမ်တွင်းအောင်းနေရချိန်မှာ Streaming နဲ့ ဂိမ်းဝန်ဆောင်မှုတွေ တိုးတက်လာခဲ့တဲ့အပြင် Switch ပလက်ဖောင်းပေါ်က Animal Crossing: New Horizons ဂိမ်း ထွက်ရှိမှုကြောင့်လည်း Switch ကို ရွေးချယ်ဝယ်ယူသူတွေ များပြားလာခဲ့တာပါ။ ဒါပေမယ့် အခုနှစ်ကုန်မှာတော့ ပြိုင်ဘက် Microsoft နဲ့ Sony တို့ရဲ့ Xbox နဲ့ PlayStation ဂိမ်းစက်အသစ်တွေ ထွက်လာတော့မှာဖြစ်လို့ Switch ရောင်းအားကို ထိခိုက်လာနိုင်ပါတယ်။

Ref – OneEsports