အိန္ဒိယအစိုးရဟာ နိုင်ငံအတွင်းမှာ Cryptocurrency တွေကို ပိတ်ပင်သွားဖို့ ကြိုးပမ်း နေခြင်းမရှိပေမဲ့ ဒီကဏ္ဍကို “assets” အနေနဲ့ သတ်မှတ်ပြီးတရားဝင်ထိန်းညှိသွားမယ်လို့ ယုံကြည်ရပါတယ်။ တိုင်းပြည်ရဲ့ ဈေးကွက်အခြေအနေကို စောင့်ကြည့်ဖို့ Securities and Exchange Bord of India (SEBI) ကဦးဆောင်သွားမယ်လို့ NDTV က ရေးသားဖော်ပြပါထားပါတယ်။

ဒီသတင်းဟာ “အိန္ဒိယမှာ ငွေပေးချေမှုတွေအတွက် Bitcoin ကို ငွေကြေးအဖြစ် အသိအမှတ်မပြုခြင်း” နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့သီတင်းပတ်အစောပိုင်းက ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ပြောခဲ့တဲ့စကားကို အတည်ပြုလိုက်သလိုပါပဲ။ အိန္ဒိယဟာ Reserve Bank of India (RBI) က အုပ်ချုပ်ပြီး စောင့်ကြည့်မဲ့ သူ့ရဲ့ကိုယ်ပိုင် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDC) ကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ Crypto ပိုင်ဆိုင်မှုတွေကိုကြေညာပြီး အိန္ဒိယငွေလဲလှယ်မှုမှာ ထားရှိဖို့လိုအပ်ကြောင်း မှတ်ချက်မှာမီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် Crypto တွေကို Foreign exchange ဒါမှမဟုတ် Private wallets တွေမှာ သိမ်းဆည်းထားခွင့်ပြုတော့မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။

Crypto နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းဟာ ဥပဒေဖြစ်လာတာနဲ့အမျှ ပြည်သူတွေအနေနဲ့ ဥပဒေလိုအပ်ချက်နဲ့ကိုက်ညီစေဖို့ ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းခွင့် အချိန်အနည်းငယ်ပေးမယ်လို့လည်း သိရပါတယ်။ အကယ်၍ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် ရူပီးငွေ ၅ ကုဋေ ကနေ ကုဋေ ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အိန္ဒိယအနေနဲ့ Cryptocurrencies လုပ်ဆောင်ချက်အတွက် ပြဋ္ဌာန်းချက်တွေကိုပြုလုပ်ဖို့ ငွေကြေးခဝါချမှုတားဆီးကာကွယ်ရေးဥပဒေ (PMLA) ကို ပြင်ဆင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ Sitharaman ရဲ့ အဆိုအရ အိန္ဒိယအစိုးရဟာ Cryptocurrencies ရဲ့ အန္တရာယ်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် Narendra Modi ကလည်း ဒီဂျစ်တယ်တိုကင်တွေရဲ့ မငြိမ်မသက်ဖြစ်နေတဲ့သဘောသဘာဝကို မီးမောင်းထိုးပြခဲ့ပြီး ဒီကဏ္ဍကိုထိန်းညှိဖို့နဲ့ ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလိုအပ်ကြောင်း တောင်းဆိုခဲ့ပါသေးတယ်။

Ref: Businessinsider