အားတစ်ခါသွင်းထားရုံနဲ့ နှစ်ထောင်ပေါင်းများစွာ အသုံးခံမယ့် ဘက်ထရီဆိုတာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲမှာပဲ တွေ့ရတဲ့ အရာတစ်ခုလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ကူးကို လက်တွေ့ဖြစ်လာအောင် နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ကြိုးစားနေတဲ့ နည်းပညာတစ်ခု တကယ်ပဲရှိနေပါတယ်။ “စိန်ဘက်ထရီ” ဒါမှမဟုတ် Nano Diamond Battery (NDB) လို့ခေါ်တဲ့ ဒီနည်းပညာဟာ အနာဂတ်စွမ်းအင်လောကကို ပြောင်းလဲစေနိုင်မယ့် အလားအလာတွေ ရှိနေပေမယ့် လက်တွေ့ဈေးကွက်ထဲရောက်ဖို့တော့ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
စွန့်ပစ်ပစ္စည်းကနေ စွမ်းအင်ဘက်သို့
ဒီဘက်ထရီရဲ့ အဓိကကုန်ကြမ်းကတော့ နျူကလီးယားဓာတ်ပေါင်းဖိုတွေကနေထွက်တဲ့ စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Carbon-14 ပါ။ သုတေသီတွေဟာ အဲဒီ Carbon-14 ကို ထုတ်ယူပြီး အလွန်ခိုင်ခံ့တဲ့ လူလုပ်စိန်အလွှာထဲမှာ ထည့်သွင်းလိုက်ပါတယ်။ Carbon-14 ကနေ သဘာဝအတိုင်း စဉ်ဆက်မပြတ်ထုတ်လွှတ်နေတဲ့ ရေဒီယိုသတ္တိကြွစွမ်းအင်ကို စိန်အလွှာက အန္တရာယ်ကင်းတဲ့ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်တာပါ။ ဒီနည်းပညာဟာ အန္တရာယ်ရှိတဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲရာမှာ တစ်ဖက်တစ်လမ်းက အသုံးဝင်လာစေမယ့် ဖြေရှင်းချက်တစ်ခုလည်း ဖြစ်ပါတယ်။
နှစ် ၅,၇၀၀ သက်တမ်းရဲ့ နောက်ကွယ်က အမှန်တရား
ဒီဘက်ထရီရဲ့ သက်တမ်းကို နှစ် ၅,၇၀၀ ကျော် ခံနိုင်ရည်ရှိတယ်လို့ ပြောဆိုနေကြတာဟာ သူ့ရဲ့စွမ်းအင်ရင်းမြစ်ဖြစ်တဲ့ Carbon-14 ရဲ့ သက်တမ်းတစ်ဝက် (half-life) ကို အခြေခံပြီး ပြောဆိုတာဖြစ်ပါတယ်။ ဆိုလိုတာက နှစ်ပေါင်း ၅,၇၃၀ ကြာသွားရင် ဘက်ထရီက လုံးဝပျက်စီးသွားမှာမဟုတ်ဘဲ၊ သူ့ရဲ့စွမ်းအင်ထုတ်လုပ်နိုင်စွမ်းက မူလကထက် ထက်ဝက်တိတိ ကျဆင်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမဲ့ ဒီဘက်ထရီတွေဟာ လက်ရှိသုံးနေတဲ့ ဖုန်းဘက်ထရီတွေလို စွမ်းအင်အများကြီးကို အချိန်တိုအတွင်း ထုတ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ စွမ်းအင်ပမာဏအနည်းငယ်ကိုသာ နှစ်ပေါင်းများစွာ တည်ငြိမ်စွာ ထုတ်လုပ်ပေးနိုင်မှာပါ။
အိပ်မက်ကနေ လက်တွေ့ဆီသို့ ခရီးရှည်
ဒီစိန်ဘက်ထရီအယူအဆကို ယူကေနိုင်ငံ ဘရစ္စတိုတက္ကသိုလ်က ၂၀၁၆ ခုနှစ်လောက်မှာ စတင်မိတ်ဆက်ခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီ NDB က ၂၀၂၀ မှာ နမူနာပုံစံ အောင်မြင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီနည်းပညာဟာ “အခုမှတွေ့ရှိတာ” မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မှာ ရှိနေတာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဘက်ထရီတွေကို ဈေးကွက်ထဲမှာ ဝယ်ယူလို့မရသေးဘဲ သုတေသနအဆင့်မှာပဲ ရှိပါသေးတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဒီဘက်ထရီတွေဟာ အားအများကြီးသုံးရတဲ့ စမတ်ဖုန်းတွေ၊ လျှပ်စစ်ကားတွေအတွက် ရည်ရွယ်တာမဟုတ်ဘဲ၊ ဘက်ထရီလဲလှယ်ဖို့ အလွန်ခက်ခဲတဲ့နေရာတွေမှာ အဓိကအသုံးဝင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူ့ခန္ဓာကိုယ်ထဲထည့်ထားရတဲ့ နှလုံးခုန်ထိန်းစက်တွေ၊ ပင်လယ်ရေနက်ပိုင်းနဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ဆန်ဆာတွေအတွက်တော့ တကယ့်တော်လှန်ရေးတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
Ref : Trendalyst