အမေရိကန်အခြေစိုက် ချစ်ပ်ဆက်ထုတ်လုပ်သူ Qualcomm ဟာ စမတ်ဖုန်းအတော်များများမှာ မြင်ရတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ မနှစ်က သူတို့ရဲ့ Flagship မော်ဒယ် ချစ်ပ်ဆက် Snapdragon 855 အပြင် အံ့အားသင့်စရာ 855+ ချစ်ပ်ဆက်ကိုပါ အနည်းငယ် Upgrade ပြုလုပ်ပြီး ထုတ်လုပ်ခဲ့တာကြောင့် အခုနှစ်မှာရော Snapdragon 865 အတွက် Plus ဗားရှင်းလာဦးမလားလို့ မျှော်လင့်နေကြသူတွေ အတော်များနေတာပါ။

ဒါပေမယ့် Meizu ရဲ့ CMO ဖြစ်သူ Wan Zhigiang က သူ့ရဲ့ Weibo ကော်မန့်တစ်ခုမှာ အခုနှစ်အတွင်း Snapdragon 865+ ထွက်မှာမဟုတ်ဘူးလို့ ပြောကြားတာကို ယနေ့တွေ့ခဲ့ရပါတယ်။ တရုတ်ပြည်တွင်း ဘလော့ဂါဖြစ်တဲ့ Digital Chat Station က အခုနှစ် တတိယသုံးလပတ်ကာလမှာ SD865+ ကို မြင်ရမယ်လို့ ဦးဆုံးသတင်းထုတ်ခဲ့ပေမယ့် တရုတ်အခြေစိုက် Meizu ကုမ္ပဏီက Wan Zhigiang က ဒါကို ပြန်လည်ငြင်းဆိုခဲ့ပြီး သူက ပိုယုံကြည်ရမယ်လို့ ထင်ပါတယ်။

Snapdragon 855+ ချစ်ပ်ဆက်နဲ့ထုတ်လုပ်ခဲ့တဲ့အထဲမှာ Xiaomi Mi 9 Pro 5G, Black Shark 3 Pro, OnePlus 7T, Meizu 16s Pro, Redmi K20 Pro, Oppo Ace နဲ့အခြားစမတ်ဖုန်းကောင်းများစွာပါဝင်ခဲ့ပါတယ်။ တော်တော်များများကလည်း SD865 ချစ်ပ်ဆက်အသစ်နဲ့ မျိုးဆက်သစ်တွေကိုလည်း မိတ်ဆက်ခဲ့ကြပြီးသားပါ။ OnePlus 7T ရဲ့ ဆက်ခံသူအဖြစ်စောင့်မျှော်နေတဲ့ OnePlus 8T လို နောက်ပိုင်းမှာ မိတ်ဆက်လာမယ့် စမတ်ဖုန်းတွေကို SD865+ နဲ့ ထပ်မြင်ရဦးမလားလို့ မျှော်လင့်ခဲ့ကြပေမယ့် အခုတိုင်းဆိုရင်တော့ ဖြစ်လာမှာမဟုတ်တော့ပါဘူး။

Ref – GizmoChina