HMD Global က Android 10 Update ကို ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေအတွက် ထည့်သွင်းပေးနေပါတယ်။ ကုမ္ပဏီက တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်းတွေကိုလည်း မမေ့ထားပါဘူး။ အခုလည်း Nokia 1 Plus အတွက် Android 10 Go Edition ကို ဖြန့်ချိပေးလိုက်ပါတယ်။

အဲဒီ စမတ်ဖုန်းဟာ Android Full Version ကို ထည့်သွင်းဖို့ Specs တွေ မကောင်းမွန်ပါဘူး။ အဲဒီအတွက် Android Go Edition ကိုပဲ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ စတင် ရောင်းချချိန်မှာ Android Pie ပါလာပြီး အခုတော့ Android 10 ကို ရရှိသွားပါပြီ။

HMD Global က Android Update ကြောင့် စမတ်ဖုန်း အသုံးပြုရတာ ပိုမို ကောင်းမွန်လာမယ်လို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ Chief Product Officer ဖြစ်သူ Juho Sarvikas က လုပ်ဆောင်ချက် အသစ်တွေကြောင့် Nokia 1 Plus ကို သုံးရတာ အသစ်လို ဖြစ်သွားမယ်လို့ ပြောပါတယ်။

Update ကို ပထမ အသုတ်ရမယ့် နိုင်ငံတွေထဲမှာ Bahrain, Bangladesh, Egypt, Iran, Iraq, Jordan, Kuwait, Lebanon, Libya, Malaysia, Morocco, Oman, Pakistan, Qatar, Saudi Arabia, Sri Lanka, Tunisia, the UAE နဲ့ Yemen တို့ ပါပါတယ်။ အစောပိုင်းဖြန့်ချိချိန်မှာ အဲဒီနိုင်ငံတွေက Nokia 1 Plus ရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ မေလ ၂ ရက်နေ့မှာ ၅၀ ရာခိုင်နှုန်း ရရှိမှာပါ။ မေလ ၄ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်းအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ တစ်ကမ္ဘာလုံးမှာ ရရှိမှာပါ။

Ref : gsmarena