စမတ်ဖုန်းခေတ်ဦးမှာ နောက်ကျကျန်နေခဲ့တဲ့ Nokia ဟာ ပြောင်းလဲမှုတွေနဲ့အတူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ High-end flagship ဈေးကွက်ထဲမှာ Nokia အမှတ်တံဆိပ်တွေကို လက်ညှိုးထိုးပြစရာမရှိသေးဘူးလို့ ဆိုရပါလိမ့်မယ်။

Nokia 9.3 PureView အကြောင်း ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ Nokia 10 PureView အကြောင်း သတင်းသစ်လည်း ထွက်လာပါတယ်။ ဒါပေမယ့် Nokia 10 PureView ဟာ စမ်းသပ်ဆဲအဆင့်သာ ရှိသေးကြောင်းကိုလည်း တစ်ပါတည်း ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

NokiaPowerUser ကဖော်ပြတဲ့သတင်းမှာလည်း မကြာခင်ထွက်ပေါ်လာမယ့် Flagship စမတ်ဖုန်းကို ကုမ္ပဏီအနေနဲ့ Nokia 10 PureView လို့ နာမည်ပေးမှာဖြစ်တယ်လို့ရည်ညွှန်းထားပါတယ်။ ဒီ Device ကို စမ်းသပ်ဆဲဖြစ်ပေမယ့် အစောပိုင်းဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်အဆင့်မှာပဲ ရှိသေးတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ရှေ့ပြေးပုံစံတစ်ရပ်အနေနဲ့ပဲ သတ်မှတ်ရဦးမှာပါ။

သတင်းတွေအရတော့ Nokia 10 PureView ရှေ့ပြေးပုံစံမှာ Qualcomm Snapdragon 875 SoC တပ်ဆင်ပြီး စမ်းသပ်နေတယ်လို့ သိရပါတယ်။ Nokia ဟာ သူတို့ရဲ့ Flagship ကို ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ဆောင်ရွက်နေပြီး၊ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ မိတ်ဆက်နိုင်ဖို့ အစီအစဉ်ချမှတ်ထားတယ်လို့လည်း သိရပါတယ်။

အခုအချိန်မှာတော့ Nokia ရဲ့ လာမယ့် Flagship ဟာ Nokia 10 PureView ဖြစ်ကြောင်း၊ စမ်းသပ်ဆဲရှေ့ပြေးပုံစံအနေနဲ့သာ ရှိသေးကြောင်းပဲ သိရသေးပြီး အခြားအချက်အလက်တွေကိုတော့ သိရခြင်းမရှိသေးပါဘူး။ သတင်းရင်းမြစ်တစ်ခုက ဒီဟန်းဆက်ဟာ Sapphire glass display နဲ့ ထွက်လာမယ်လို့ဆိုထားတာကတော့ စိတ်ဝင်စားစရာပါ။

အခြားသတင်းတစ်ခုမှာလည်း Nokia 10 PureView ရဲ့ကိုယ်ထည်ကို သံမဏိနဲ့ပြုလုပ်မှာဖြစ်ပြီး ကင်မရာမှန်ဘီလူးတွေအတွက် Zeiss optics ကိုအသုံးပြုမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီဖော်ပြချက်တွေဟာ ကောလာဟလအဆင့်သာရှိသေးပြီး ခိုင်လုံတဲ့အထောက်အထား မတွေ့ရသေးပါဘူး။

Ref: Gizmochina