Nokia 3.4 ရဲ့ ဓါတ်ပုံ ၁ ပုံ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့ဖူးပြီး ဖုန်း ဒီဇိုင်းကို သိလာခဲ့ရပါတယ်။ အခုတော့ Evan Blass က တရားဝင်လို့ ထင်ရတဲ့ Nokia 3.4 ရဲ့ ဓါတ်ပုံ ၁ ပုံကို တွစ်တာမှာ ဖွလိုက်ပြီး အရင် ဓါတ်ပုံနဲ့ ဒီဇိုင်းတူနေတာ တွေ့ရပါတယ်။

အခု ဓါတ်ပုံမှာ အပြာရောင် မော်ဒယ်ကို မြင်ရပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ အသံနဲ့ ပါဝါ ခလုတ်ကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာတော့ Google Assistant ခလုတ် ပါလာတယ်လို့ ထင်ရပါတယ်။ နားကြပ်ပေါက်ကို ထိပ်ဘက်မှာ ထည့်သွင်းထားပါတယ်။

ဓါတ်ပုံမှာ အရှေ့ဘက်မျက်နှာပြင်ကို မမြင်ရပေမယ့် အရင် ပေါက်ကြား သတင်းအရ Nokia 3.4 မှာ ၆.၅ လက်မ HD+ Punch Hole မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းကို မကြာခင်က ကျင်းပခဲ့တဲ့ IFA 2020 မှာ ကြေညာမယ်လို့ ထင်ခဲ့ကြပေမယ့် မဖြစ်လာခဲ့ပါဘူး။ အခုတော့ တရားဝင် ဓါတ်ပုံ ထွက်လာပြီ ဖြစ်တဲ့အတွက် မိတ်ဆက်ပွဲဟာ မဝေးတော့ပါဘူး။

Ref : gsmarena