Nokia 7.3 ကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ထင်ခဲ့ကြပေမယ့် ဖြစ်မလာပါဘူး။ အဲဒီနောက် နိုဝင်ဘာလမှာ မိတ်ဆက်မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းလည်း မမှန်ကန်နိုင်တော့ဘူးလို့ ထင်ပါတယ်။ အခုတော့ Nokiapoweruser က အဲဒီ စမတ်ဖုန်းကို ၂၀၂၀ ခုနှစ် နှစ်ကုန်မှာ ကြေညာမယ်လို့ ပြောတဲ့အတွက် နောက်လမှာ တရားဝင် မြင်ရတော့မယ်လို့ ယူဆရပါတယ်။

Nokia 7.3 နဲ့အတူ Nokia 9.3 PureView နဲ့ Nokia 6.3 ဖုန်း ၂ လုံးကိုပါ ကြေညာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးကိုလည်း ဒီလထဲ ကြေညာမယ်လို့ အရင်က သတင်းထွက်ခဲ့တာပါ။

Nokiapoweruser က HMD Global ကုမ္ပဏီ အတွင်းပိုင်းကနေ ဒီသတင်းထွက်လာတာလို့ ပြောပါတယ်။ Nokia 9.3 PureView ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Qualcomm ရဲ့ အမိုက်စား Chipset ပါလာနိုင်ပါတယ်။ 120Hz OLED မျက်နှာပြင်နဲ့ Zeiss ရဲ့ 108MP ပင်မ ကင်မရာတွေလို အလန်းစား Specs တွေ ထည့်သွင်းထားနိုင်ပါတယ်။

Nokia 7.3 5G မှာတော့ Snapdragon 690 Chipset မောင်းနှင်ထားနိုင်ပြီး 48MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ Nokia 6.3 မှာတော့ Qualcomm Chipset မပါလာနိုင်သလို 5G မရသေးတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ 4G ဖုန်း ဖြစ်မှာပါ။ နောက်လမှာတော့ အဲဒီဖုန်းတွေကို မျက်ဝါးထင်ထင် မြင်ရနိုင်ပါတယ်။

Ref : gsmarena