Nokia က G50 5G ကို တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လမှာ ဗြိတိန်က စတိုးဆိုင်တော်တော်များများမှာ ရောင်းချဖို့ စာရင်းတင်ထားတာတွေ့ခဲ့ရပြီး အခုတော့ Nokia Mobile France ရဲ့ တရားဝင် Instagram အကောင့်ကနေ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ ဓါတ်ပုံတွေကို အကောင့်ကနေ မဖယ်ရှားခင်မှာ NokiaPowerUser က ရယူထားနိုင်ခဲ့ပြီး G50 5G ရဲ့ Blue နဲ့ Sand အရောင်တွေကို တွေ့မြင်ရပါတယ်။

Nokia G50 5G မှာ Waterdrop Notch မျက်နှာပြင် တပ်ဆင်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို စက်ဝိုင်းပုံ အကွက်ထဲ ထည့်သွင်းထားတာ မြင်ရပါတယ်။ ပင်မ ကင်မရာက 48MP ဖြစ်ပြီး တောက်လျှောက် အသုံးပြုရင် ဘက်ထရီသက်တမ်းက ၂၄ နာရီတောင်ခံတယ်လို့ Nokia Mobile France ရဲ့ Instagram က ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

Deleted Nokia G50 5G post on Instagram (via NPU)

အရင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Nokia G50 5G မှာ Qualcomm ရဲ့ Snapdragon 480 5G Chipset မောင်းနှင်ထားနိုင်ပြီး 4GB RAM နဲ့ 64/128GB Storage ပါလာမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၃၈ လက်မ ဖြစ်ပြီး Resolution က 1560x720p ဖြစ်နိုင်ပါတယ်။

Nokia G50 5G ကို စတာလင်ပေါင် ၂၁၀ လောက်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၄ သိန်း ၇ သောင်းလောက် ကျသင့်နိုင်ပါတယ်။ Nokia က G50 5G နဲ့ ပတ်သက်ပြီး ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ တရားဝင် ကြေညာမယ့် အချိန်နဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားခြင်းလည်း မရှိသေးပါဘူး။

Ref : gsmarena