Microsoft ဟာ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ Windows Version အသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။ အဆိုပါ Windows အသစ်ကို Windows 11 လို့ ခေါ်ဆိုသွားနိုင်ပြီးတော့ Feature အသစ်တွေအပြင် Design ပိုင်း ပြောင်းလဲမှုအများအပြား ပြုလုပ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Microsoft ဟာ လက်ရှိအချိန်မှာ Windows 10 ကလွဲပြီး ကျန်တဲ့ Windows 7 နဲ့ Windows 8 OS တွေအတွက် Support ကို ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Windows 8.1 ကိုတော့ လာမယ့် ဇန်နဝါရီလ ၂၀၂၃ ခုနှစ်အထိ ဆက်လက် Support ပေးသွားမှာပါ။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ Windows 10 နဲ့ လာမယ့် Window 11 တွေကိုပဲ Microsoft က Support ပေးသွားမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Graphic Card တွေထုတ်လုပ်နေတဲ့ Nvidia ကလည်း လာမယ့် ဩဂုတ်လ ၃၁ နေ့နောက်ဆုံးထားပြီး Windows 7 ၊ Windows 8 နဲ့ 8.1 တွေအတွက် Driver Support ပေးနေမှုကို ရပ်ဆိုင်းလိုက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကလည်း Nvidia Graphic Card တွေကို အသုံးပြုနေသူအများစုက Windows 10 OS ကို ပြောင်းလဲသွားတာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Nvidia ရဲ့ ပြောကြားချက်အရတော့ Windows 10 OS အတွက်ပဲ Driver တွေကို သီးသန့်ထုတ်ပေးတာက ပိုပြီး အသုံးပြုသူတွေအတွက် Security ပိုင်း၊ Function ပိုင်းတွေကို ပိုပြီးအာရုံစိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Windows 10 အသုံးပြုနေတဲ့ Device ပေါင်း ၁.၃ ဘီလီယံအထိရှိနေတာကြောင့် ထိခိုက်မှုတော့ အကြီးအမားရှိမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Nvidia Graphic Card အသုံးပြုနေပြီး Windows 7 သို့မဟုတ် Windows 8 ကို အခုထိ အသုံးပြုနေတယ်ဆိုရင်တော့ အမြန်ဆုံး Windows 10 ကို Upgrade ပြုလုပ်ထားသင့်ပါပြီ။

Ref – The Verge